ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်၌မူးမြစ် ရေကြီးရေလျှံမှုကြောင့် မူးချောင်းကူးကြိုးတံတားပျက်စီး

mdn


ဗန်းမောက်  သြဂုတ်၂

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကနန်းဒေသစိတ်၌ မူးမြစ် ရေကြီး ရေလျှံမှုကြောင့် မူးချောင်းကူးကြိုးတံတားမှာသြဂုတ်လ၁ရက်နေ့ကပျက်စီးသွားခဲ့ကြောင်းသိရသည်။

 

မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသောကြောင့် တောင်ကျချောင်းရေများ မူးမြစ် ချောင်းအတွင်းသို့ တစ်ရှိန်ထိုး စီးဝင်လာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ မူးချောင်းကူး ကြိုးတံတားမှာ နစ်မြုပ်သွားပြီး အချို့နေရာများမှာ ပျက်စီးခဲ့ရကြောင်းသိရသည်။

 

ထို့အပြင် ကနန်းဒေသစိတ်ရှိ မူးမြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာအချို့မှ ပြည်သူများမှာလည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသောကြောင့် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနေရပြီး စားရေးသောက်ရေးများအခက်အခဲဖြစ်ကာအကူအညီများလိုအပ်လျှက်ရှိနေကြောင်းသိရသည်။

 

"အခုဆိုရင် ဒီမူးချောင်းကူးကြိုးတံတားက တည်ဆောက်ပြီးစီးတာ မကြာသေးဘူး။ ဖွင့်ပွဲတောင် မလုပ်ရ သေးဘူးဗျ။ ကျွန်တော်တို့ ကျေးရွာဒေသခံတွေက ဒီကြိုးတံတားကို အားထားပြီး တစ်ရွာနဲ့တစ်ရွာ ကူးသန်းသွားလာနေရတာပါ။ ရေထဲမျှောပါသွားမှာစိုးလို့ ကျွန်တော်တို့ ဒေသခံ လူတွေကြိုးတွေနဲ့ဆွဲထားနေရတယ်။ အခုဒီလိုပျက်စီးသွားတော့ အတော်လေး စိတ်မကောင်း ဖြစ်ရပါတယ်"ဟု ပဲ့နင်းကျေးရွာနေငှက်ဖျားတိုက်ဖျက်ရေးစေတနာ့ဝန်ထမ်းဦးဌေးဝင်းက ပြောသည်။

 

ကနန်းဒေသစိတ်မူးတားကျေးရွာအုပ်စု အရှေ့ပဲ့နင်းကျေးရွာနှင့် အနောက်ပဲ့နင်းကျေးရွာတို့ ဆက်သွယ်ထားသော မူးချောင်းကူးကြိုးတံတားကို ကျေးလက်နေ ဒေသခံပြည်သူများ တစ်ရွာနှင့်တစ်ရွာ လူနှင့် ဆိုင်ကယ်များပါ ရာသီမရွေးသွားလာနိုင်ရန်အတွက် အရှည်ပေ ၁၅၀၊ အကျယ်၇ပေ အမြင့် ပေ ၂၀ ရှိကြိုးတံတာကို၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၀၇.၃၆၃)သန်းဖြင့်တင်ဒါအောင်မြင်ခဲ့သော အရှေ့မြောက်နဂါးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးညိုကြီးကတာဝန်ယူကြီးကြပ်၍ ၁၆-၁၁-၂၀၂၀ကစတင်တည်ဆောက်ခဲ့ရာ၂၀၂၁ခုနှစ်ဧပြီလဒုတိယအပတ်ကဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)