ဗန်းမောက် ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံအင်အုပ်စု မကျည်းကုန်းကျေးရွာ သာသနာ့မေဒိနီ ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီမှစ၍ ရှမ်းနီလူငယ်ကွန်ရက်မှ ဦးဆောင်ကာ လက်မှုအနုပညာ ဖန်တီးထုတ်လုပ်မှုသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို ရှမ်းနီလူငယ်ကွန်ရက်က ဦးဆောင်၍ ပြည်သူ့ရင်သွေးစာပေနှင့် စာကြည့်တိုက် အနုပညာဖောင်ဒေးရှင်း တည်ထောင်သူ ဒီဇိုင်းနာ ပညာရှင် မဇူးဇူးလှိုင်က ရှမ်းနီလူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်လေးများ၊ အိမ်ထောင်သည် အမျိုးသမီးများအား တစ်ဖက်တစ်လမ်းမှ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းရရှိစေရန်၊ အနုပညာရပ်များ မြင့်မားလာစေရန်၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများရရှိလာစေရန်နှင့် သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းသူအမျိုးသမီး (၂၅)ဦးတို့အား လက်မှုပညာဒီဇိုင်းများ (Handmade Craft Designs)၊ နိုင်လွန်အလှပန်း အမျိုးမျိုးပြုလုပ်နည်းများ (Nylon Flowers Making)၊ စက္ကူအလှပန်း အမျိုးမျိုးပြုလုပ်နည်းများ (Paper Flowers Making)၊ စက္ကူခေါက်ခြင်းအနုပညာ (Origami Crafts) နှင့် သိုးမွှေးချည် အရုပ်လုပ်နည်းများသင်တန်းကို နံနက် ၈ နာရီမှစကာ ညနေ ၄ နာရီထိ သင်တန်းကာလ ၁၀ ရက် အခမဲ့သင်ကြားပေးသွားမည်ဖြစ်သည်။

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်သည် မြို့နယ်အတွင်းရှိ ရှမ်းနီလူမျိုးများရှိရာ ကျေးလက်ဒေသများမှ အရွယ်ရောက်သူ အမျိုးသားများနှင့် အမျိုးသမီးငယ်လေးများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ဖိနပ်ချုပ်လုပ်နည်းသင်တန်းနှင့် လက်မှုပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)