ဗန်းမောက်   နိုဝင်ဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ သမိုင်းဝင်  ဇလုံတောင်ဘုရားသို့ သွားသော တောင်ပတ်လမ်းရှိ လမ်းကြမ်းသောနေရာများတွင် နှစ်စဉ် မိုးတွင်းကာလ၌ မကြာခဏ ပျက်စီးမှုများ ရှိနေသဖြင့် ဘုရားဖူးသွားလာသူများ ရာသီမရွေး သွားလာနိုင်ရန် ရည်ရွယ်၍ တောင်ပတ်လမ်း တစ်လျှောက် လမ်းဘေးဝဲ၊ ယာတို့တွင် ကျောက်စီရေမြောင်းများ တိုးချဲ့ ပြုပြင်လုပ်ကိုင်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသွားလာကြသူများဖြင့် ပွင့်လင်းရာသီချိန်တွင် စည်ကားလျက်ရှိရာ အဆိုပါ ဇလုံတောင် ဘုရားသွားလမ်းသည် လျှိုမြောင်များပေါများခြင်း၊ တောင်တက် တောင်ဆင်းများ ပေါများခြင်း၊ စိမ့်စမ်းများထူထပ်ပေါများခြင်းတို့‌ကြောင့် မိုးရွာသွန်းပါက လမ်းများမကြာခဏ ပျက်စီးသဖြင့် မိုးတွင်းကာလ(၄)လတာအချိန်အတွင်း၌ ဘုရားဖူးသွားလာလည်ပတ်မှုများကို ယာယီ ရပ်နားထားကြရသည်။

 

နှစ်စဉ်ပွင့်လင်းရာသီချိန်ရောက်တိုင်း မော်တော်ယာဉ်များနှင့် ဘုရားဖူးသွားလာလည်ပတ်သူများ  အဆင်ပြေ စေရန်ရည်ရွယ်၍ အလျား(၂)မိုင်၊ အကျယ်(၅)ပေ၊ အမြင့်(၃)ပေရှိသော ကျောက်စီရေ မြောင်းအား ၂၀၂၀/၂၁ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၂၂.၀၀)သန်းဖြင့် Galaxy Steel ကုမ္ပဏီမှ အောက်တိုဘာလ(၁)ရက်နေ့မှစတင်လုပ်ဆောင်လျက်ရှိကြောင်း၊ ဆက်လက်၍ အရှည်(၂) မိုင်၊ အကျယ်(၁၈)ပေ၊ အမြင့်(၉)လက်မရှိသောမြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာဦးဇော်သန်းထံမှသိရသည်။

   

အဆိုပါ ကျောက်စီရေမြောင်းလုပ်ငန်း ဆောင်ရွက်မှုပြီးစီးပါက ကားလမ်းပျက်စီးမှုများမှာ တဖြည်းဖြည်း လျော့နည်းလာနိုင်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးတို့တွင်လည်းကောင်းမွန်လာတော့မည်ဖြစ်၍ ဘုရားဖူးသွားလာရေး ဝန်ဆောင်မှုလုပ်ငန်းများမှာ အထူးတိုးတက်ကောင်းမွန်လာနိုင် တော့မည်ဖြစ်ကြောင်း ဗန်းမောက်မြို့ ဘုရားဖူးမော်တော်ယာဉ်အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

နီတိုး