ဗန်းမောက် ဒီဇင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် တောင်ပိုင်း မံကပ်ဒေသစိတ်အတွင်းရှိ ကျေးရွာသုံးရွာ၌ ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ၂၄ နာရီ လျှပ်စစ်မီးကို အောင်မြင်စွာဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ ၂၄ နာရီလျှပ်စစ်မီးဖွင့်ပွဲကို ကျောက်တန်းကျေးရွာအုပ်စု လယ်ဦးကျေးရွာတွင် (100 KVA ထရန်စဖော်မာ)တစ်လုံးကို နံနက် ၁၀ နာရီအချိန်တွင်လည်ကောင်း၊ စီးမော်အုပ်စု‌ စီးမော်ကျေးရွာတွင် (100 KVA ထရန်စဖော်မာ)တစ်လုံးကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ သောင်ကြီးကျေးရွာ၌ (100 KVA ထရန်စဖော်မာ)တစ်လုံးကို မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင်လည်းကောင်း ဗန်းမောက်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကျောင်မင်းဟန်၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်တိုး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

အဆိုပါကျေးရွာသုံးရွာတွင် ၂၄ နာရီလျှပ်စစ်မီးကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် လျှပ်စစ်မီးများရရှိကြပြီဖြစ်၍ ဒေသအတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စက်မှုလုပ်ငန်းများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)