ဗန်းမောက်၊ ၁၄ ဇွန်
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်မှစ၍ တစ်နိုင်ငံလုံး ဖွင့်လှစ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်း (၁၉၇)ကျောင်းရှိသည့် အနက် (၁၇၄) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်း (၂၃)ကျောင်းမှာ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် မေလ၂၄ရက်မှ ဇွန်လ ၁၁ရက်အထိ ကျောင်းအပ်နှံလက်ခံခဲ့ရာ အခြေခံပညာကျောင်းပေါင်း(၁၇၄)ကျောင်း၌ အခြေခံပညာ မူလတန်းဆင့်တွင် ကျောင်းသားကျောင်းသူ(၇၇၉၄)ဦး၊ အခြေခံပညာ အလယ်တန်းဆင့်တွင် (၃၄၆၄)နှင့် အခြေခံပညာအထက်တန်းဆင့်တွင် (၅၀၀) စုစုပေါင်းကျောင်းသား ကျောင်းသူ(၁၁၇၅၈)ဦး လာရောက် အပ်နှံကြပြီး ဇွန်လ၁၀ရက်အထိ ကျောင်းသား ကျောင်းသူ(၆၂၂၇)ယောက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မဖွင့်လှစ်နိုင်သေးသော အခြေခံပညာကျောင်းများမှာ အထက်တန်းကျောင်းခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄)ကျောင်း၊ မူလတန်းလွန်(၅)ကျောင်း၊ မူလတန်းကျောင်း (၁၀)ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၁)ကျောင်း စုစုပေါင်း(၂၃)ကျောင်းဖြစ်ပြီး အဆိုပါကျောင်းများ အချိန်မီဖွင့်လှစ်ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းမဖွင့်လှစ်နိုင်သေးသော ကျေးရွာများသို့ သွားရောက်ကာ ဆရာ ဆရာမများ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းသားကျောင်းသူမိဘအား တွေ့ဆုံ၍ ကျောင်းများအမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်ရှိ အခြေခံကျောင်းများသို့ တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အတွင်းစည်းအဖြစ် ကျောင်းကော်မတီနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ အပြင်စည်းအဖြစ် ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့များမှ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


