ဗန်းမောက်မြို့နယ်၌ ဇလုံတောင် အပန်းဖြေဆင်စခန်းဖွင့်

ဗန်းမောက်  ၁ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင် အပန်းဖြေဆင်စခန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဇလုံတောင်ခြေရှိ ဆင်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

0342

 

အဆိုပါ ဆင်စခန်းသည် ဧက(၅၀ဝ)အတွင်း၌ ပြုလုပ်ထားပြီး ဗန်းမောက်မြို့နယ်၊ ဇလုံတောင် ဘုရားဖူးလာသူများ ဆင်းစခန်းသို့ ဝင်ရောက်လေ့လာ အပန်းဖြေသူများအတွက် ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်း၊ ဆင်များအား ရေချပေးနိုင်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ခြင်း၊ ပင်မင်းချောင်းအတွင်း အပန်းဖြေ ရေချိုးနိုင်ခြင်း၊ တောတောင်သဘာဝ သစ်ပင်မျိုးများလေ့လာနိုင်ခြင်း၊ ကျေးငှက်မျိုးစိတ်များနှင့် လိပ်ပြာမျိုးစုံကို လေ့လာနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။

 

1714

 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်ထုတ်ရေးဌာနမှ အထွေထွေမန်နေဂျာ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

6686

 

ပွင့်လင်းရာသီ ဇလုံတောင် ဘုရားဖူးလာ ဧည့်သည်များ ဆင်စခန်းအတွင်း ဆင်စီးမှုများပြားလာပါက အဆင်ပြေစေရန် အဆိုပါ စခန်းအနီးတစ်ဝိုက်တွင် ဝန်တင်ဆင် (၂)ဝိုင်းကို ထားရှိထားကြောင်း ကသခရိုင် အနောက်သစ်ထုတ်ရေးဒေသတာဝန်ခံ လ/ထအထွေထွေမန်နေဂျာ ဦးသိန်းဇော်ထံမှ သိရသည်။

အဆိုပါ ဇလုံတောင် အပန်းဖြေဆင်စခန်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၏ ၂၂ ခုမြောက် အပန်းဖြေ ဆင်စခန်းဖြစ်ကြောင်း သိရသည်။

လူအောင်(ကသာ)