ဗန်းမောက် သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်သို့ ရှမ်းပြည် အောင်ပန်းမှ ထိုင်ဝမ်ခရမ်းချဉ်သီးများအား ကားများဖြင့် တင်ဆောင်၍ အိမ်တိုင်ရာ ရောက်လာရောက်ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြသည်။
ရှမ်းပြည် အောင်ပန်းမှလာသော ထိုင်ဝမ်ခရမ်းချဉ်သီးများအား မန္တလေးခရမ်းချဉ်သီးပွဲရုံများ၊ မုံရွာခရမ်းချဉ်သီးပွဲရုံများနှင့် ရွှေဘိုခရမ်းချဉ်သီးပွဲရုံများမှတစ်ဆင့် ခရမ်းချဉ်သီးရောင်းချသူများသည် တစ်ပိဿာလျှင် ကျပ် ၃၅၀ နှုန်းဖြင့် ဝယ်ယူပြီး ပိဿာချိန်(၂၀)ဝင်သော ခရမ်းချဉ်သီးထည့်သည့် သေတ္တာများဖြင့် ထည့်ကာ ကားများနှင့် တင်ဆောင်ပြီး မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက်ဒေသများနှင့် ရွှေတွင်များရှိရာ နေရာများသို့ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် လာရောက်ရောင်းချ ပေးလျက်ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း အပြင်ထွက်၍ ဝယ်စရာမလိုသောကြောင့် ဝယ်ယူစားသုံးကြသူပြည်သူများ အဆင်ပြေလျက်ရှိနေကြသည်။
"ကျွန်တော်တို့က ရွှေဘိုနယ်ဘက်ကလာတာပါ ဒီခရမ်းချဉ်သီးတွေက အောင်ပန်း ကနေ ရွှေဘိုမြို့က ခရမ်းချဉ်သီးပွဲရုံကို ပို့တာပါ အဲ့ဒီပွဲရုံကမှတစ်ဆင့် ကျွန်တော်တို့က တစ်ပိဿာကို ကျပ် ၃၅၀ နဲ့ဝယ်ပြီးတော့ အထက်ပိုင်းမှာရှိတဲ့ မြို့တွေကိုသွားပြီးတော့ ကားခစားအဖြစ်နဲ့ တစ်ပိဿာကို ကျပ် ၁၀၀၀ နဲ့ရောင်းချလာတာပါ။ ဒီကာလမှာ အလုပ်အကိုင်ကလည်း ရှားတော့ ရရာအလုပ်ကိုလုပ်ကိုင်စားကြရတာပေါ့" ဟု ရွှေဘိုမြို့နယ်မှ ကားဖြင့် ခရမ်းချဉ်သီးရောင်းချသူတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့ပေါ်နှင့် မြို့နယ်ရှိကျေးလက်ဒေသများတွင် ကုန်စိမ်းများရောင်းချနေသူ ဈေးသူ ဈေးသားများမှာ ခရမ်းချဉ်သီးအပါအဝင် ဟင်းသီးဟင်းရွက်များကို မန္တလေးရှိ ခရမ်းချဉ်သီးများနှင့် ဟင်းသီးဟင်းရွက်ပွဲရုံများမှ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ဝယ်ဈေးကျပ် ၃၅၀ ဖြင့် ဝယ်ယူကာ ကားများနှင့် မှာယူရောင်းချရသဖြင့် ကုန်ကျစရိတ်များ များပြားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သွားလာရေး အခက်အခဲများရှိခြင်းများကြောင့် ဗန်းမောက်မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၅၀၀/၂၀၀၀ ကျပ်ဖြင့် ရောင်းချနေကြရကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ယခုအချိန်၌ ခရမ်းချဉ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းမရှိကြဘဲ လယ်ယာမြေရှိ စပါးများ ရိတ်သိမ်းပြီးမှသာလျှင် ဟင်းသီးဟင်းရွက်များနှင့် ခရမ်းချဉ်သီးများကို စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးပေါ်ချိန်တွင် တစ်ပိဿာ ကျပ် ၅၀၀ ဖြင့် သာရောင်းချကြရကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသူများထံမှ သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


