ဗန်းမောက် ၁၆ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပင်လုံကျေးရွာအုပ်စု မံကုန်းကျေးရွာ ဒေါ်အီကန်နေအိမ်အတွင်းရှိ အုန်းပင်ပေါ်မှ အုန်းသီးသီးရာတွင် အုန်းသီးတစ်လုံးပေါ်တွင် ငှက်ပျောသီး ၆ လုံးသဏ္ဌာန်တူ ဖုံးအုပ်သီးနေသော အုန်းသီးတစ်လုံးကို တွေ့ရသဖြင့် ဒေသခံများက အထူးစိတ်ဝင်စားလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက သိရသည်။

 

အဆိုပါအုန်းသီးအား အုန်းပင်မှ ဆွတ်ခူးကား အနီးကျေးရွာမှ သံဃာတော်၏ လမ်းညွှန်မှုဖြင့် ဘုရားပွဲထိုးကာ ပူဇော်ထားကြောင်း သိရသည်။

 

“ပုံစံကတော့ အုန်းခိုင်တစ်ခိုင်ထဲမှာ ဒီတစ်လုံးတည်းသီးပါတယ်။ အုန်းသီးလုံးမှာ အမြောင်း ၃ မြောင်းရှိပြီး အပေါ်မှာ ငှက်ပျောသီး ၆ လုံးက အုပ်ထားသလို သီး‌နေပါတယ်။ ဒီအုန်းသီးကို အများသူငှာလေ့လာကြည့်လို့‌ရအောင် ဒီအုန်းသီးကို ဗန်းမောက်မြို့နယ် ပင်ပုံအုပ်စု မံကုန်းကျောင်ဆရာတော်ရဲ့ မိန့်ကြားမှုကြောင့် အခုလို အုန်းငှက်ပျောပွဲတင်ပြီး ဘုရားမှာပူဇော်ထားတာမို့ အားလုံးလေ့လာနိုင်ပါတယ်”ဟု ဗန်းမောက်မြို့နယ် ပင်လုံကျေးရွာအုပ်စု မံကုန်း‌ကျေးရွာနေ အိမ်ရှင်ဖြစ်သူ ဒေါ်အီကန်ကပြောသည်။

 

"ကျွန်တော်ကလည်း အုန်းပင်ကနေ ငှက်ပျောသီးတယ်ကြားတာ မယုံလို့ အခုလိုလာကြည့်တာပါ။ အုန်ပင်‌ပေါ်မှာလည်း နောက်ထပ်တစ်လုံးက ရှိနေပါသေးတယ်။ အဲဒီအပင်ပေါ်ကအသီးမှာတော့ ငှက်ပျောသီပုံမပါဘူး။ နဲနဲတော့ထူးပါတယ်၊ ကျွန်တော့တစ်သက်မှာ ဒါမျိုးမတွေ့ဘူးသေးပါဘူး” စသဖြင့် ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာနေထိုင်သူ ဦးကျန်ရွယ်က ပြောပြသည်။

 

အဆိုပါအုန်းသီးကို အိမ်ရှင်ဖြစ်သူ ဒေါ်အီကန်မှ ဖေဖော်ဝါရီ ၁၃ ရက်က တက်ရောက်ခူးယူရာမှ ထူးဆန်းသဖြင့် ကန်တော့ပွဲထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းအုန်းပင်ပေါ်တွင် နောက်ထပ်ထူးဆန်းသော အုန်းသီးတစ်လုံးလည်း ကျန်ရှိနေသေးကြောင်း၊ နေ့စဉ်ရက်ဆက် ဒေသခံများ၊ အနယ်နယ်အရပ်ရပ်မှ လေ့လာသူများနှင့် ဇလုံတောင်ဘုရားဖူး လာရောက်သူများကလည်း စိတ်ဝင်စားစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဆိုင်ကလုန်း