ဗန်းမောက် နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ယခုအခါ စပါးအဟောင်း တစ်တင်းလျှင် ငွေကျပ်(၈၀၀၀)စျေးဖြင့် ဝယ်ယူလာနေကြ၍ စပါးအဟောင်းရောင်းချသူ တောင်သူများ စီးပွားရေး အဆင်ပြေလာကြကြောင်း သိရသည်။
ယခင်နှစ်က စပါးအဟောင်းတစ်တင်းလျှင် ငွေကျပ် ၄၀၀၀ ပေါက်စျေးသာရှိခဲ့သည့်အပြင် စပါးဝယ်ယူ ကြသူ ကုန်သည်ပွဲစားများမှာ ၁၇ပြည့် ၊ ၁၈ပြည်ဆံ့ တင်းတောင်းကြီးများဖြင့် လာရောက် ဝယ်ယူနေ ကြသောကြောင့် စပါးစိုက်ပျိုးသူတောင်သူများမှာ စီးပွားရေးတွက်ခြေမကိုက် ဖြစ်ခဲ့ရပြီး ယခုနှစ်တွင် ဧပြီလမှစ၍ စပါးစျေးမှာ တစ်တင်းလျှင် ကျပ် ၆၅၀၀ မှကျပ် ၈၀၀၀ စျေးထိ အိမ်တိုင်ရာရောက်ကားကြီး ကားငယ်များဖြင့်လာရောက်ဝယ်ယူနေကြ၍စပါးအဟောင်းရောင်းချသူတောင်သူများစီးပွားရေးနှင့်စားဝတ်နေရေးများအဆင်ပြေလာနေကြကြောင်းသိရသည်။
"ပြီးခဲ့တဲ့နှစ်ကစပါးစျေးကမကောင်း လာဝယ်ကြသူ စပါးကုန်သည်ပွဲစားတွေက ၁၇ပြည် ၁၈ပြည် ဆံ့တဲ့ တင်းတွေနဲ့ဝယ်၊ ကျွန်တော်တို့ကလည်း ဒီစပါးမှမရောင်းရင် စားဝတ်နေရေးက အဆင်မပြေဖြစ်ပြန် တော့၊ မရောင်းချင်ပဲရောင်းရပြန်တယ်၊ ကောက်စိုက်၊ပျိုးနုတ်၊ရိတ်သိမ်း၊ ခြွေလှေ့ခ ထွန်းစက်ခတို့ နုတ်လိုက်ရင် ကိုယ့်စပါး ကိုယ်ပြန်ဝယ်ရသလိုမျိုးဖြစ်နေတယ် ။ ဒီနှစ်ကတော့ စပါးအဟောင်း တစ်တင်းကို ကျပ်၈၀၀၀ စျေးနဲ့ ရောင်းရတယ်ဆိုတော့ စီးပွားရေးတွက်ခြေကိုက်ပြီ၊ စားဝတ်နေရေးလေးပါ အဆင်ပြေလာတာပေါ့၊ အခုပေါ်နေတဲ့စပါးအသစ်က တစ်တင်းကိုကျပ်(၆၀၀၀)ထိတော့ ပေးဝယ်နေကြပါတယ်"ဟု ကျွန်းကုန်းကျေးရွာနေစပါးစိုက်ပျိုးသူ တောင်သူဦးမြင့်လွင်က ပြောသည်။
ယခုနှစ်တွင် မိုးလေဝသကောင်းမွန်ခဲ့သောကြောင့် စပါးစိုက်ပျိုးသူတောင်သူများ၏ လယ်ယာမြေများ၌ စပါးများ ဖြစ်ထွန်းအောင်မြင်ခဲ့ပြီး တစ်ကဧလျှင်တင်(၈၀)မှ တင်း(၁၀၀)ထိ ထွက်ရှိပြီး ကျေးလက်ဒေသ တချို့တွင်စပါးများ စတင်ရိတ်သိမ်းခြွေလှေ့နေကြကာ ဗန်းမောက်မြို့နယ်အတွင်း စပါးစိုက်ပျိုးဧက (၄၀၀၀၀)ကျော်ရှိပြီး ဒေသခံပြည်သူများအများဆုံးစားသုံးကြသော ချင်း(၃)စပါးများကိုသာ အဓိကထားစိုက်ပျိုးလျှက်ရှိကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


