ဗန်းမောက်  ၇   အောက်တိုဘာ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်း၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများမှာ ဗန်းမောက်-ညောင်ခြေထောက်-ဥမှင်-ပန်းတော-ပါသက်-သရက်ကုန်း-ဘူးတောင်းလမ်းပေါ်ရှိ လမ်းအရှည် (၃/၄)မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေမှ (၄၃၆ ဒသမ ၆၄၆)သန်းဖြင့်လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ နန့်ပါးချောင်းကူးတံတား အရှည် (၂၇)ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ နဘားချောင်းကူးတံတား အရှည် (၂၈)ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ ဥမှင်ကျေးရွာအဝင် ချောင်းကူးတံတား အရှည် (၂၉)‌ ပေ၊ အကျယ် (၁၄)ပေ သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ပါသက်ရွာအဝင်ချောင်းကူး တံတားအရှည် (၁၂)ပေ၊ အကျယ် (၁၄)ပေသံကူကွန်ကရစ်တံတားတစ်စင်း စုစုပေါင်းတံတား (၄)စင်းတို့မှာ နယ်စပ်‌ ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေမှစုစုပေါင်း (၁၇၅ ဒသမ ၄၈၈) သန်းဖြင့်လည်းကောင်း၊ BoX Culvert (၃)စင်း (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေမှ စုစုပေါင်း (၁၃ ဒသမ ၆၉၅)သန်းဖြင့် လည်းကောင်း (၂၉-၁၁-၂၀၁၉) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကချင်ပြည်နယ်၊ မော်ဟန်-မော်လူး-ဗန်းမောက်လမ်းသို့ ဆက်သွယ်သည့် မဲဇာချောင်းကူးတံတားအရှည်ပေ (၁၅၀)ရှိ သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ဗန်းမောက်-မံထုံ လမ်းပိုင်းပေါ်ရှိ လေးသီကျေးရွာအဝင် ခေါ်ပုတ်ချောင်းကူး ဘေလီတံတားအရှည် ပေ (၁၅၀) တံတား တစ်စင်းအား (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗန်းမောက် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။

 

ဗန်းမောက်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် လမ်း၊ တံတား လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သောကြောင့် ကျေးရွာအုပ်စု (၇)အုပ်စုမှ ကျေးရွာ (၂၆)ရွာအတွင်းရှိ ကျေးလက်နေပြည်သူအများ သွားလာဆက်သွယ်မှုများ အဆင်ပြေစေရေးနှင့် ဒေသအတွင်း ကုန်ထုတ် လုပ်ငန်းများအတွက်လည်း များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)