ဗန်းမောက် ၁၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မူ အဖွဲ့(PSI)မှဇန်နဝါရီ၁ရက်မှစ၍ ကျေးလက်ကျန်းမာရေးဌာနမရှိသော ကျေးရွာများသို့ သွားရောက်ကာ ငှက်ဖျားရောဂါနှင့်အခြားရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မူအဖွဲ့(PSI)မှ နယ်ဆင်းတာဝန်ခံများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (၃)ခြမ်းခွဲပြီး ကျေးရွာ(၉၅)ရွာရှိ ပြည်သူများအား အဓိကဖြစ်သော ငှက်ဖျားရောဂါအပါအဝင်တီဘီ၊ HIV၊ ကလေးဝမ်းပျက်ဝမ်းလျော၊ သားဆက်ခြားနှင့် အနာကြီးရောဂါများကို ရှာဖွေ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့က ငှက်ဖျားတိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်တာပေါ့နော် ဒါပေမယ့် အဖွဲ့ကချမှတ်ထားတဲ့ အခြားရောဂါတွေကိုလဲ ရှာဖွေပြီးတော့ ကုသပေးပါတယ်၊ အခုဆိုရင် (၆)နှစ်ထဲဝင်ခဲ့ပြီ၊ ငှက်ဖျားပိုးတွေ့ရှိသူတွေတဖြည်းဖြည်းနဲ့နည်းပါးသွားပါပြီ အခြားရောဂါတွေကတော့ ပိုးတွေ့တာနည်းပါတယ်၊ တစ်ရွာကိုတစ်ရက် အချိန်ပေးပြီးတော့ငှက်ဖျားပိုး ရှိ၊ မရှိ စစ်ဆေးတယ်၊ ရှိခဲ့ရင်ဆေးတွေကိုအခမဲ့ပေးပြီးတော့ကုသပေးနေတာပါ"ဟု ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မူအဖွဲ့ (PSI)မှနယ်ဆင်းတာဝန်ခံဦးဘိုမျိုးကြည်မှ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ပြည်သူများမှာ နှစ်စဉ်နှစ်တိုင်း ငှက်ဖျားရောဂါကြောင့် သေဆုံးမူများစွာရှိခဲ့ကြသဖြင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မူအဖွဲ့(PSI)မှ၂၀၁၅ ဒီဇင်ဘာလ ၁ရက်မှစကာ ငှက်ဖျားတိုက်ဖျက်ရေးကိုလုပ်ဆောင်ခဲ့ရာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀)ကျော်၊၂၀၁၇တွင် (၂၀၀၀) ကျော်၊၂၀၁၈တွင်(၁၇၀၀) ကျော်၊ ၂၀၁၉တွင်(၈၀၀)ကျော်၊ ၂၀၂၀တွင် (၆၀၀)ကျော်နှင့် ၂၀၂၁ ဇွန်လ၁၀ရက်အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ(၃၀၀)ကျော်သာ တွေ့ရှိရ ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


