ဗန်းမောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် နာနတ်သီးစိုက်ပျိုးသူတောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေများ ရရှိနေ

ဗန်းမောက်  ဇူလိုင်   ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မြို့အနီးအနားပတ်ဝန်းကျင်နှင့် ကျေးလက်ဒေသ အချို့တို့၌ တစ်နိုင်တစ်ပိုင် နာနတ်သီးစိုက်ပျိုးကြသူ တောင်သူများ တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိနေကြကြောင်း သိရသည်။

ယခင်က နာနတ်သီးပင်များကို အိမ်နောက်ဖေးနှင့် တောင်ယာများတွင် မိသားစုနှင့်ဆွေမျိုးများ စားသုံးရန် အနည်းငယ်သာ စိုက်ပျိုးလာခဲ့ကြသော်လည်း လွန်ခဲ့သည့် ၇ နှစ်လောက်မှစ၍ နာနတ်သီးပင် ပျိုးပင် တစ်ပင်လျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူပြီး စိုက်ပျိုးကြကြောင်း၊ မြေလွတ်မြေရိုင်းများ၊ ကြိုးပြင် သစ်တောများရှိ တောတောင်များကို ခုတ်ထွင်ရှင်းလင်းကာ စပါးအခွံများ၊ မြေပဲအခွံများ၊ နွားချီးများနှင့် ဖွဲကြမ်းများတို့ကို မြေသြဇာများအဖြစ် အသုံးပြု၍ စနစ်တကျ စိုက်ပျိုးပြီး ပေါင်းမြက်များ တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ် ရှင်းလင်းပေးခြင်းအားဖြင့် တစ်နှစ်အတွင်း အသီးသီးကြောင်း၊ (၅)နှစ်မှ (၆)နှစ်အထိ သက်တန်းရှည်ကြာစွာ စားသုံးရောင်းဝယ်နိုင်ပြီး ရာသီပေါ်ချိန်တွင် အသီးအရွယ်အစားအလိုက် နာနတ်သီအသေးတစ်လုံးလျှင် ကျပ် ၁၅၀၀၊ အကြီးတစ်လုံးလျှင် ကျပ် ၂၀၀၀ အထိ ရောင်းချရသဖြင့် တစ်နိုင်တစ်ပိုင် နာနတ်သီးစိုက်ပျိုးသူတောင်သူများမှာ တစ်နှစ်လျှင် ကျပ် ၉သိန်းမှ ကျပ် ၁၀သိန်း အထိ ရကြကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)