ဗန်းမောက်၊ ၂၁ ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ မဲဇာချောင်းဖျားထိပ် (မဲဇာမြစ်ဟု လည်း ခေါ်ကြသည်) မှစ၍ ချောင်းတစ်လျှောက်တွင် ယခုအခါ ရွှေသတ္တု တရားမဝင်  တူးဖော်နေမူများကြောင့် ချောင်းမှာ တိမ်ကောပျက်စီးလာ​နေပြီဖြစ်ကြောင်း သိရသည်။

 

နှစ်ပေါင်း(၃၀)ကျော်က မဲဇာချောင်းသည် တောတောင်ရေ၊ မြေ ၊လျှိုမြောင် စိမ့်စမ်းများရှိသောကြောင့် ချောင်းအတွင်းရှိ ရေများမှာ ကြည်လင်အေးမြပြီး ငါးမျိုးစိတ်များ ပေါများကာ သားရဲတိရိစ္ဆာန်များ ကျင်လည်ကျက်စားရာ ချောင်းကြီးဖြစ်သည်။

 

ထို့အပြင် မဲဇာချောင်းရိုးတစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာဒေသခံ ပြည်သူများမှ လယ်ယာမြေများတွင် စပါးနှင့်အခြားသီးနှံပင်များ စိုက်ပျိုးကြရာ၌ အဆိုပါချောင်းရေကို မှီခိုအားထားနေရသည့်အပြင် နွေရာသီရောက်ပါက ရေတွင်းများ  ခန်းခြောက်တတ်သဖြင့် သုံးရေနှင့် သောက်သုံးရေအဖြစ် အသုံးပြုခဲ့ကြသည်။

 

ယခုအခါ ချောင်းဖျားထိပ်မှစ၍ ချောင်းရိုးတစ်လျှောက်၌ တရားမဝင် ဘက်ဟိုးကြီးများ၊ ၁၂ လုံးထိုး၊ ၆လုံးထိုး အင်ဂျင်ကြီးများဖြင့် ရွှေသတ္တုတူးဖော်လျက်ရှိနေကြရာ မြေစာများကို ချောင်းအတွင်းသို့ ပစ်ချခြင်းများကြောင့် ချောင်းတိမ်းကောလာပြီး ချောင်းရေများမှာ အမြဲ နောက်ကျိကာ အသုံးပြု၍ မရဖြစ်နေပြီး ချောင်းမှာတစ်စထက်တစ်စ ပျက်စီးလာနေကြောင်း သိရသည်။

 

မဲဇာချောင်း ဖြတ်သန်းစီးဆင်ရာ ဗန်းမောက်မြို့နယ်ရှိ ကျေးရွာများသာမက အင်းတော်မြို့နယ် အတွင်းရှိ မဲဇာချောင်းတစ်လျှောက်နေ ကျေးရွာ(၂၅)ရွာနေ ပြည်သူများမှာလည်း ချောင်းအတွင်း ရွံ့ရေများသာ ဖြတ်သန်းစီးဆင်းနေသဖြင့် လယ်ယာမြေများအတွက် လိုအပ်သော ရေများနှင့် ကျွဲနွားများ သောက်သုံး ရေများပါ အခက်အခဲဖြစ်နေကြရကြောင်း မဲဇာလေးကျေးရွာနေ တောင်သူ တစ်ဦးထံမှ သိရသည်။

 

အဆိုပါမဲဇာမြစ်သည် ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်စပ် (သုံးမြေဆိုင်) တောင်သုံးလုံးမှ မြစ်ဖျားခံ၍ ဗန်းမောက်မြို့နယ် ဗူးတောင်းကျေးရွာမှစကာ အင်းပေါက် အုပ်စု၊ မံထုံအုပ်စု၊ ကျွန်းကုန်းအုပ်စု၊ တုံးလှော်အုပ်စု၊ ကိုင်းကြီးအုပ်စုနှင့် ကျွဲကောအုပ်စုများကို ဖြတ်သန်းစီးဆင်ကာ အင်းတော်မြို့နယ်ရှိ ကျေးရွာ(၂၅)ရွာသို့ ဖြတ်သန်းပြီး ထီးချိုင့်မြို့ အောက်ဘက်(၈)မိုင် ခန့်အကွာ ညောင်ပင်သာရွာ (ဂိုတောင်)အရပ်တွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်းသွားကြောင်းသိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)