ဗန်းမောက် အောက်တိုဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားဖြစ်သော ဣစ္ဆာဿရ ဇလုံတောင်တော်ဘုရားသွား တောင်တက်လမ်းအား ယနေ့နံနက်၇နာရီမှစ၍ ပျက်စီးခဲ့သော လမ်းပိုင်းအချို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။

 

ယခုနှစ်တွင် ဗန်းမောက်မြို့နယ်၌ မိုးရွာသွန်းမူများခဲ့သဖြင့် ဇလုံတောင်ဘုရားသွား အဓိကလမ်းပိုင်း တချို့မှာ ရေတိုက်စားမှုကြောင့် ရေစီးကြောင်းကြီးများ ဖြစ်ပေါ်နေခြင်း၊ လမ်းပေါ်သို့မြေများ ပြိုကြခြင်း၊ သစ်ပင်ကြီးများ ပြိုလဲကျခြင်းနှင့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် တောင်တက် မော်တော်ယာဉ်များနှင့် ဘုရားဖူးလာကြသူများ သွားလာရေးအခက်အခဲများနှင့် အသက်အန္တရာယ်များပါ ဖြစ်ပေါ်လာနိုင်သောကြောင့် ဇလုံတောင်တော်သာသနာပြု ဆရာတော်ဦးအာလောက ဦးဆောင်ကာဆရာတော် သံဃာတော်များ၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝေနှင့် ဗန်းမောက်မြို့ ဇလုံတောင်တက် မော်တော်ယာဉ်ကားအသင်းဥက္ကဌ ဦးဘလင်းဦးဆောင်သော ယာဉ်မောင်းများက ပျက်စီးနေသော လမ်းပိုင်းတချို့အား ပြန်လည်ပြုပြင်ဆောင်ရွက်နေကြသည်။

 

အဆိုပါ ပျက်စီးခဲ့သော ဇလုံတောင်တက်လမ်းပိုင်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးပါက လမ်းများကောင်းမွန်လာတော့မည်ဖြစ်၍ ရပ်နီးရပ်ဝေးမှ ဘုရားလာရောက် ဖူးမြော်ကြသူ   ဘုရားဖူးများ သွားလာရေးအန္တရာယ်ကင်းရှင်းပြီး ဘုရားအားစိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်တော့မည်ဖြစ်သည်။

   

လှိုင်ဘွား(ဗန်းမောက်)