ဗန်းမောက် ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တွင် ယခုကာလအတွင်း Mask (၅၀) ပါတစ်ဘူးလျင် ကျပ် ၄၀၀၀ အထိ စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
လွန်ခဲ့သည့် ဇွန် ၂၈ ရက်ထိ Mask ရောင်းချကြသော ဆေးဆိုင်များနှင့် စျေးဆိုင်များတွင် Mask (၅၀) ပါတစ်ဘူးလျင် ကျပ် ၁၃၀၀ သာ ရှိခဲ့သော်လည်း ဗန်းမောက်မြို့ပေါ်ရှိ KTV ဆိုင်တစ်ဆိုင်မှ အလုပ်သမား (၅၄) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် မြို့ပေါ်ရှိပြည်သူများနှင့် ကျေးလက်ဒေသနေ ပြည်သူများ Mask များကို တစ်ဘူးမှ နှစ်ဘူးထိ ကျပ် ၄၀၀၀ ပေးဝယ်ယူ အသုံးပြုကာ သွားလာနေကြရသော်လည်း ဗန်းမောက်မြို့နယ်နှင့် နယ်ချင်းထိစပ်နေသော ပင်လယ်ဘူးမြို့နယ်၊ အင်းတော်မြို့နယ်၊ ကသာမြို့နယ်နှင့် ဝန်းသိုမြို့နယ်များတွင် Mask (၅၀) ပါ တစ်ဘူးလျင် ကျပ် ၂၁၀၀ မှ ကျပ် ၂၅၀၀ ထိသာ ဝယ်ယူအသုံးပြုနေကြကြောင်း သိရသည်။
ထို့ပြင် ဆေးဆိုင်ကြီးများနှင့် ကုန်စုံစျေးဆိုင်ကြီးများတွင် ယခင်က Hand Gel ဘူးသေးတစ်ဘူးလျှင် ကျပ် ၁၅၀၀ နှင့် ဘူးကြီးတစ်ဘူးလျှင် ကျပ် ၂၅၀၀ နှုန်း ရောင်းချခဲ့သော်လည်း ယခုအခါ၌ ဘူးသေးတစ်ဘူးလျှင် ကျပ် ၂၅၀၀ ဘူးကြီးတစ်ဘူးလျှင် ကျပ် ၃၅၀၀ အထိရှိလာပြီး အဆိုပါပစ္စည်းမှာ အချို့စျေးဆိုင်များတွင် ပြတ်လပ်မှုများရှိနေကြောင်း သိရသည်။
“ဒီဇွန်လ ၂၈ ရက်အထိကတော့ Mask (၅၀) ပါတစ်ဘူးလျှင် ၁၃၀၀ ကျပ်ပဲ ရောင်းချပေးနေတာပါ။ ၂၉ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ရက်ထဲနဲ့ ၅၆ ဦး ပိုးတွေ့ပြီဆိုတော့ လူတွေက တစ်ဘူးနှစ်ဘူးထိ ဝယ်ထားကြတယ်။ နောက်ရက်ကြတော့ ကျွန်မတို့ဆိုင်ကလဲ ကျပ် ၃၅၀၀ နဲ့ရောင်းလိုက်တယ်။ ကျွန်မတို့က မန္တလေးကိုမှာပြီးရောင်းရတာ။ ဟိုကစျေးတက်တော့ ဒီကလဲစျေးပြန်တက် ရောင်းရတာပေါ့။ အခုဆို ကျပ် ၄၀၀၀ နဲ့ရောင်းပါတယ်”ဟု Mask ရောင်းချသူဆေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးမှ ပြောသည်။
ဗန်းမောက်မြို့တွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်ထိ ၂၀၀ ကျော်အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် Mask များကို မဖြစ်မနေ တပ်ဆင် အသုံးပြုသွားလာကြရန် လိုအပ်နေပြီဖြစ်သည်။
လှိုင်ဘွား(ဗန်းမောက်)


