နေပြည်တော်၊ အောက်တိုဘာ ၂၁
ဗန်းမော်မြို့၊ ရွှေပြည်သာမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဗန်းမော်မြို့၊ ရွှေပြည်သာ ရပ်ကွက်တွင် အောင်အောင်(ခ)ဦးကြည် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကရုဏာလမ်းရှိ မခိုင်ခိုင်ဝင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၄၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စု၊ တာဆန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မနန်းခမ်းယုံ မောင်းနှင်လာသည့် Alphard အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၆ ဒသမ ၃ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)