ဗန်းမော် ၅ မေ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ယနေ့ နံနက်ပိုင်းက နယ်မြေခံတပ်မတော်သားများမှ အသီးအနှံများနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန်အတွက် နယ်မြေခံ တပ်မတော်သားများမှ ဗန်းမော်မြို့၊ မြို့မရပ်ကွက်၊ ကမ်းနားလမ်း၌ ယနေ့နံနက် ၁၀ နာရီက တပ်တွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိသည့် ချဉ်ပေါင်၊ ကန်စွမ်းရွက်၊ ခရမ်းသီး၊ ဗူးသီး၊ ကြက်ဥ၊ ဘဲဥ တို့ကိုလည်းကောင်း၊ တပ်မတော်စက်ရုံထုတ် ဘီစကစ်မုန့်များ၊ လက်ဖက်ရည်ထုပ်များ၊ ဂျုံခေါက်ဆွဲခြောက်တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခဲ့သည်။
ထို့နောက် ကြက်ဥချက်၊ ဘာလာချောင်ကြော်၊ ခရမ်းသီးဟင်း၊ သီးစုံပဲဟင်းရည် ပါဝင်သည့် ထမင်းဘူး တစ်ဘူးလျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


