ဗန်းမော်၊ ၁၂ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ နတ်ခုတ်-ဗူးတောင်း လမ်းပေါ်ရှိ ကံ့ကော်ချောင်းတွင် အရှည်ပေ ၄ဝ၊ အကျယ် ၁၄ ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာအား ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့က ဇန်နဝါရီ ၁၁ ရက် နံနက် ၇ နာရီတွင် ပန္နက်ရိုက်ပြီး စတင်တည်ဆောက်ခဲ့သည်။
အဆိုပါ သံကူကွန်ကရစ်တံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈၉ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်သည်။
ကံကော်ချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ဧရာဝတီမြစ်၏ အနောက်ဘက် ကမ်းရှိ ဗန်းမော်မြို့နယ်မှ ကျေးရွာ ၁၈ ရွာ၊ အိမ်ထောင်စု ၁၆၉၄ စုတို့ အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


