ဗန်းမော် ၆ ဧပြီ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် စောင့်ကြည့်ရေးစခန်းများမှ ပြည်သူများအား တွေ့ဆုံအားပေးခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာအုပ်စုတွင် ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား နောင်လိုက် ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၄) ဦး၊ ခူးလီကျေးရွာ အခြေခံပညာမူလတန်း၌ (၇)ဦး၊ မိုးဖိန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ (၇)ဦးနှင့် ခိုကျင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၁၈)ဦးတို့အား သတ်မှတ်နေရာ အသီးသီးတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။
အဆိုပါ နေရာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူအောင်ဦးစီးသော တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိန်းဖြူ (ပြန်/ဆက်)


