ဗန်းမော်၊  ၁၈  ဇန်နဝါရီ 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နတ်ခုတ်ကျေးရွာ၌ ဆင်စွမ်ချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်လျက်ရှိရာ  ဇန်နဝရီ ၁၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ဗန်းမော်မြို့နယ် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဗန်းမာ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့တို့က တံတားတည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစေရေးအတွက် အလေးထားဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့သည်။

 

အဆိုပါ တံတားမှာ လုပ်ငန်း(၅ဝ)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိရာ တည်ဆောက်ပြီးစီးသွားပါက ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈)ရွာမှ အိမ်ထောင်စုပေါင်း (၁၆၉၄)စုတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်း (၈၉ ဒသမ ဝဝ)ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)