ဗန်းမော်   ဒီဇင်ဘာ   ၁၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက်က ဗန်းမော်မြို့သို့ ရောက်ရှိပြီး ပရိယတ္တိ စာသင်တိုက်များ၊ ဘာသာရေး အဖွဲ့အစည်းများသို့ သွားရောက်ကာ အလှူငွေများ လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မြို့လေးထပ်ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂ သိန်းကို ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်တွင်း ကျောင်းနေ သံဃာတော်များ၊ ကျောင်းသားများအား ပြည့်မီစွာ ထိုးနှံပေးနိုင်ရေး လျှောက်ထားတင်ပြပြီး လိုအပ်ချက်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင်တိုက်၊ သိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တို့သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်တို့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂ သိန်းစီကို ပေးအပ်လှူဒါန်းသည်။

အလားတူ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗန်းမော်မြို့ ကက်သလစ်အသင်းတော် ဘုန်းတော်ကြီးရုံးနှင့် ဗန်းမော်ခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းချုပ်တို့မှ ဘာသာရေးခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး ပြည် နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ထိုးနှံစေရေး ဘာသာ ရေးအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် တိုက်တွန်းနှိုးဆော်ပေးနိုင်ရေး ဆွေးနွေးကာ အသင်းတော်များအတွက် ခရစ်စမတ်လက်ဆောင် လှူဖွယ်ပစ္စည်းများနှင့် ငွေကျပ် ၂ သိန်းစီကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)