ဗန်းမော်     ၁၁   မေ  

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်းရှိ ဗူးတောင်း - ကျောက်အိုက် - နောင်မို -အောင်သာယာ - မံမလင်း ကျေးရွာချင်းဆက် မြေသားလမ်း (၁၂) မိုင် (၆) ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း (၆၇ ဒသမ ၃၆၀) ဖြင့် ဗန်းမော်မြို့နယ်အတွင်းရှိ နတ်ခုတ် - ဗူးတောင်း - ကျောက်အိုက် - နောင်မို - အောင်သာယာ - မံမလင်း ကျေးရွာချင်းဆက် မြေသားလမ်းလုပ်ငန်း လမ်းအရှည် (၂) မိုင်ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ဒုတိယခြောက်လပတ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း (၁၀၁ ဒသမ ၀၄၀) ဖြင့် မြေသားလမ်းအရှည် (၃) မိုင်ကိုလည်းကောင်း မြေသားလမ်း ဖောက်လုပ်ပြီးစီးခဲ့သည်။

 

ကျန်ရှိသော လမ်းအရှည် (၁၂) မိုင် (၆) ဖာလုံ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၅၄၆ ဒသမ ၃၀၀) ဖြင့် ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်းရှိ ဗူးတောင်း-ကျောက်အိုက် - နောင်မို - အောင်သာယာ - မံမလင်း ကျေးရွာချင်းဆက် မြေသားလမ်း (၁၂) မိုင် (၆) ဖာလုံ ဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးခဲ့ရာ စုစုပေါင်း လမ်းအရှည် (၁၇) မိုင် (၆) ဖာလုံရှိကြောင်း သိရသည်။

 

ယင်းလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာ (၁၈) ရွာတို့မှ အိမ်ထောင်စုပေါင်း (၁၆၉၄) စု၊ လူဦးရေပေါင်း (၁၀၄၈၂) ဦးခန့်၏ လူမှုဘဝများကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

 

 

ကိန်းဖြူ(ပြန်/ဆက်)