ဗန်းမော် သြဂုတ် ၂၂
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များမှ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်သည့်ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့ နံနက် ၉ နာရီက ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက သာစည်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ညောင်ပင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆင်ကုန်း အခြေခံပညာ မူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသည့် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၉၅)စု၊ လူဦးရေ (၃၈၆)ဦးအတွက် တစ်ဦးလျှင် ၂၁၀ဝ တစ်ပတ်စာ ဆန်ရိက္ခာဖိုး စုစုပေါင်း ၈၁၀၆၀ဝ ကျပ်ရှစ်သိန်းတစ်သောင်းခြောက်ရာတိတိကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရပ်ကွက်အလိုက် ရောက်ရှိမှုစာရင်းမှာ ပေါက်ကုန်းရပ်ကွက်မှ အိမ်ထောင်စု (၃၁)စု လူဦးရေ (၁၁၉) ဦး၊ သီရိရပ်ကွက်မှ အိမ်ထောင်စု (၂၄)စု လူဦးရေ (၉၉)ဦးနှင့် ခွန်သာရပ်ကွက်မှ အိမ်ထောင်စု (၁၅)စု လူဦးရေ (၅၁)ဦးသည် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်းကောင်း၊ မင်းကျောင်းကုန်းရပ်ကွက်မှ အိမ်ထောင်စု (၁၀)စု လူဦးရေ (၄၃)ဦး၊ ညောင်ပင် ရပ်ကွက်မှ အိမ်ထောင်စု (၂)စု လူဉီးရေ(၆)ဦးတို့သည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ဆင်ကုန်းရပ်ကွက်မှ အိမ်ထောင်စု(၁၃)စု လူဉီးရေ(၆၈)ဉီးတို့အား ဆင်ကုန်း အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း စုစုပေါင်း အိမ်ထောင်စု(၉၅)စု လူဦးရေ (၃၈၆)ဦး ရောက်ရှိထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


