ဗန်းမော်  ၁၉ ဒီဇင်ဘာ     

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီမှ ဗန်းမော်မြို့တွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူများအား အသိပညာပေးဆောင်ရွက်ပြီး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

“ ဗန်းမော်ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီကနေ အသိပညာပေး ဆောင်ရွက်တာပါ၊ မော်တော်ဆိုင်ကယ်ကို စည်းကမ်းတကျရှိအောင် ယာဉ်မောင်းလိုင်စင်ပါမယ်၊ မှတ်ပုံတင်တဲ့ ဆိုင်ကယ်ဖြစ်ရမယ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းလာသူဆိုရင် ပညာပေးတဲ့ အနေနဲ့ ဆိုင်ကယ်စီး ဦးထုပ်တစ်လုံးပေးပါတယ်၊ ကျောင်းတွေ၊ လုပ်ငန်းဌာနတွေမှာလည်း အသိပညာ ပေးဆောင်ရွက်သွားပါမယ်” ဟု ဗန်းမော်ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်း ရေးကော်မတီမှ အတွင်းရေးမှူး ဦးဇော်မျိုးဝင်းက ပြောသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ဗန်းမော်မြို့ သိမ်မဟာစေတီတော်ကြီးဘုရားဝင်းရှေ့ လမ်းဆုံ၌ လည်းကောင်း၊ သီရိရတနာဈေးရှေ့ လမ်းဆုံ၌ လည်းကောင်း၊ ပေါက်ကုန်းရပ်ကွက် လမ်းဆုံ၌ လည်းကောင်း ဗန်းမော်ခရိုင်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီမှ ကော်မတီဝင်များ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမှတ်(၁ဝဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဗန်းမော်)မှ ဒုရဲမှူး သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များတို့က မော်တော်ဆိုင်ကယ်စီးနင်းလာသည့် ပြည်သူများအား ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်း ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ စနစ်တကျမောင်းနှင်ကြရန် ပညာပေးပြီး ဆိုင်ကယ်ယာဉ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်ပါရှိသော ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီးဦးထုပ်တစ်လုံးစီ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဆိုင်ကယ်နောက်မီးတွင် ရောင်ပြန်စတေကာကပ်ပေးခဲ့ကြောင်း သိရသည်။  

သျှမ်းကလေး(ဗန်းမော်)