ဗန်းမော် ၂၂ ဇွန်
ကချင်ပြည်နယ် ဗန်းမော်မြို့၌ မှုခင်းလျော့နည်းကျဆင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက မင်းကျောင်းကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ခိုင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး ကျော်မိုးနိုင်၊ အမှတ်(၁၀ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သက်နိုင်ဦး၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ရွှေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သက်ငယ်မုဒိမ်းမှုနှင့်စပ်လျဉ်း၍ မှုခင်းဖြစ်ပွားရသည့် အဓိကအချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များကို လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရသည့်အကျိုးဆက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ရှောင်ကျဉ်ရမည့်အချက်များကို လည်းကောင်း၊ လူကုန်ကူးမှုမခံရစေရန် လိုက်နာရမည့်အချက်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိမှတ်စရာများကို တာဝန်ရှိသူများက အသီးသီးပြောကြားကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)