ဗန်းမော် ၁၉ ဖေဖော်ဝါရီ
ကချင်ပြည်နယ် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် ဆရာဆရာမ(၂ဝ)ဦး၊ ကျောင်းသားကျောင်းသူ (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲမှူး အောင်မျိုးကျော်က မှုခင်းကျဆင်းရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးဆိုင်းနန်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းကိုလည်းကောင်း၊ အမှတ်(၁ဝဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်ဆွေချစ်ကိုက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဉ်မတော်တဆမှု မှတ်တမ်းဓာတ်ပုံများကို ပါဝါပွိုင့်ဖြင့် ပြသ၍ အသိပညာပေးဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောဆောင်ရွက်ရခြင်းကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိနားလည်စေရေး၊ မီးပွိုင့်များအား စည်းကမ်းတကျ အသုံးပြုသွားလာနိုင်ရေး၊ ယာဉ်မတော်တဆမှု ကင်းရှင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင်း အမှတ်(၁ဝဝ)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
သျှမ်းကလေး (ဗန်းမော်)


