မော်လမြိုင် စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာ မော်လမြိုင်-မုဒုံလမ်းမကြီး၏ အနောက်ဘက်ခြမ်း တွင်တည်ရှိသော ဗညားဒလတန်ဖိုးသင့်အိမ်ရာတိုက်ခန်းများကို ပြည်နယ် မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးတွင် ရောင်းချပေးမည်ဖြစ်၍ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗညားဒလတန်ဖိုးသင့်အိမ်ရာတိုက်ခန်းသည် တစ်ခန်း ၆၅၀ စတုရန်းပေအကျယ်တွင် ဧည့်ခန်း ၁ ခန်း၊ Master Bed Room ၁ ခန်း၊ ရိုးရိုးအိပ်ခန်း ၁ ခန်း၊ မီးဖိုခန်း ၁ ခန်းတို့ပါဝင်ပြီး ၂၄ နာရီလျှပ်စစ်မီးရရှိရေး၊ စည်ပင်ရေရရှိရေးနှင့် အမှိုက်စွန့်ပစ်မှုစနစ် ကောင်းမွန်စွာဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့ပြင် Bath & W/C နှင့် မီးဖိုခန်းတွင် ကြမ်းခင်းကြွေပြားများ၊ နံရံကြွေပြား ၅ ပေအမြင့်ပါရှိခြင်း၊ ပြတင်း တံခါးပေါက်တို့၌ သံပန်းများတပ်ဆင်ပေးခြင်း၊ တိုက်ရှေ့မျက်နှာစာတွင် ကားရပ်နားရန် ကားပါကင်များ ထည့်သွင်းတည်ဆောက်ပေးထားကာ စိမ်းလန်းစိုပြေသော မြက်ခင်းပြင်အလှနှင့် ကလေးကစားကွင်းများ ထည့်သွင်းတည်ဆောက်ထားသည်။
ယင်းတိုက်ခန်းများအား ဝယ်ယူလိုသူများအနေဖြင့် မြေညီထပ် ၂၃၅ သိန်း၊ ပထမထပ် ၂၁၀ သိန်း၊ ဒုတိယထပ် ၁၉၅ သိန်းနှင့် တတိယထပ် ၁၈၀ သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူထားသည့်တိုက်ခန်းအတွက် ပိုင်ဆိုင်ခွင့်စာအုပ် Owner Book ထုတ်ပေးသွားမည်ဖြစ်ကာ ဝယ်ယူလိုပါက ဖုန်းနံပါတ် ၀၅၇၂၀၂၅၉၅၃ သို့ ဆက်သွယ်၍ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)


