နေပြည်တော် မတ် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြခွာညိုလမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများကို BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင် လျက်ရှိကြသည့် ငွေရည်ပုလဲကုမ္ပဏီ၊ သိန်းထွန်းအောင်ကုမ္ပဏီနှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ သီရိမြင့်မြတ် ကုမ္ပဏီတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငှားရမ်းရေးစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာနသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများနှင့် ဆင်းရွှေကြာ(၂)မျိုး မြှင့်တင်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန လေးထောင့်ကန် ငါးလုပ်ငန်းစခန်းသို့ သွားရောက်၍ ရှားပါးလာသည့် တိုင်းရင်း ငါးမျိုးစိတ်များဖြစ်သည့် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ရေချိုငါးမုတ်နှင့် ငါးတန်ငါးများကို သုတေသနပြု သားဖောက်နေမှု၊ ဆေးထိုးသားဖောက် ရာသီတွင် ငါးဆေးထိုးသားဖောက်သင်တန်းများ ဆောင်ရွက်နေမှုနှင့် ငါးသားပေါက် ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ငါးမျိုးကောင်းမျိုးသန့်များ တိုးတက်ဖြန့်ဖြူး ထုတ်လုပ်ကြရန်၊ ငါးသားပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ ဖြန့်ဖြူးပေးကြရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားအောင် လေ့ကျင့်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ယနေ့တွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသည့် Fortune Commercial City က တည်ဆောက်လျက်ရှိသည့် ရိုးကြီးချောင်းတံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီး ဌာနပိုင်မြေအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်လျက် ရှိကြသည့် ရေထွက်ကုန် ပြုပြင်အေးခဲစက်ရုံများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


