သက်လတ်ပိုင်း သက်ကြီးပိုင်း မမ တီတီတို့ ကြားထဲမှာ ခေတ်စားနေတဲ့ Botox ထိုးတယ်ဆိုတာ လျော့ရဲနေတဲ့အသားအရေ၊ ထင်းနေတဲ့ အရေးအကြောင်းတွေကို ပြန်ပြီးတင်းရင်းအောင် လုပ်ပေးတဲ့ procedure တစ်ခုပါ။


ခုမှသာ ခေတ်စားလာပေမယ့် တကယ်တော့ ရှေးခတ်တည်းက botox ဆိုတာ ရှိခဲ့ပါတယ်။ Botox ဆိုတာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်ထားတာဖြစ်ပြီး ကြွက်သားနာကျင် တင်းရင်းခြင်းကို ကုသတဲ့ နေရာမှာ အရင်တုန်းက သုံးခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေနဲ့အတူ Botox ကို အရေးအကြောင်းပျောက်ဖို့ အသားအရေလှဖို့တင်းရင်းဖို့အတွက် သုံးလာကြတာ ဖြစ်ပါတယ်။ ဒီတော့ ရှေးခေတ်တည်းက သုံးခဲ့တဲ့ botox မှာ ဘယ်လို အကျိုးကျေးဇူးတွေမှာ ရှိသေးလဲ။


Botox ကို သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့


( ၁ ) အရေးအကြောင်းတွေကို သက်သာစေပါတယ်၊


ဒါကတော့ လူတိုင်း သိပြီးသားပါ။ FDA ကိုယ်တိုင်ကတောင် အသိအမှတ် ပြုထားတဲ့အထိ botox က အသက်ကြီးလို့ ဖြစ်လာတဲ့ အရေးအကြောင်းတွေကို ကုသတဲ့နေရာမှာ ဆရာတစ်ဆူပါ။ မျက်နှာပေါ်က အရေးအကြောင်းတွေရော၊ မျက်လုံးအောက်က တွန့်နေတဲ့ အရေးအကြောင်းတွေ အားလုံးကို သူက ပြန်ပြုပြင်ပေးပြီး ငယ်ရွယ်နုပျိုမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။


အလှအပ အပြင် Botox ကနေရနိုင်တဲ့ အခြားအကျိုးကျေးဇူးတွေကတော့


( ၂ ) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်


တော်ရုံ ဆေးတွေနဲ့ မပျောက်တဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို botox သုံးပြီး သက်သာအောင် လုပ်လို့ရပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အာရုံကြောနာဗ်လေးတွေကို သွားပိတ်ပြီး တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့အောင်လုပ်လိုက်တာကြောင့် ခေါင်းကိုက်ခြင်း ပြဿနာတွေကို ပြေလည်စေတာဖြစ်ပါတယ်။


( ၃ ) ချွေးထွက်များခြင်ကို သက်သာစေပါတယ်။


ခြေဖဝါးလက်ဖဝါးတွေ ချွေးစေးပြန်၊ ချိုင်းချွေးတွေ အရမ်းထွက်တတ်တဲ့သူတွေ ရှိကြမှာပါ။ ဒီလို ချွေးထွက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့သူတွေအတွက် Botox က ကူညီပေးနိုင်မှာပါ။


( ၄  )Bells Palsy


မျက်နှာတစ်ဝိုက်မှာရှိတဲ့ Facial nerve အာရုံကြောတွေကို ထိခိုက်မိပြီး မျက်နှာကြွက်သားတွေ အားနည်းတာမျိုးကို Bells Palsy လို့ခေါ်ပါတယ်။ ဒီလိုအားနည်းတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် Botox ကို အားနည်းတဲ့ ဘက်အခြမ်းမှာ ထိုးပြီး တင်းနေတဲ့ ကြွက်သားတွေပြေလျော့အောင်လုပ်လို့ရသလို အခြားကောင်းတဲ့ တစ်ဘက်ကိုထိုးပြီးလည်း ဘက်ညီအောင် ပြန်လုပ်ယူလို့ရပါတယ်။


( ၅ ) ဆီးကျိတ်ကြီးခြင်း


Botox က ဆီးကျိတ်ကြီးနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နောက်နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ကြီးနေတဲ့ ဆီးကျိတ်ထဲ botox ထိုးသွင်းလိုက်ရင် ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တဲ့ ပြဿနာတွေ တစ်နှစ်လောက် သက်သာသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆီးလမ်းကြောင်းခဏခဏ ပိုးဝင်စေတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးပြီးသားဖြစ်မှာပါ။


( ၆ ) ဆီးမထိန်းနိုင်ခြင်း


ဆီးကျိတ်ကြီးတာကိုတောင်ထိန်းနိုင်ရင် ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဆီးမထိန်းနိုင်တာ ဆီးမလုံတာ စတဲ့ ပြဿနာတွေကိုပါ botox က ဖြေရှင်းပေးဦးမှာပါ။


ရေးသားသူ-Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”