နယူးဒေလီ ၁၃ နိုဝင်ဘာ

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် နိုဝင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် (၁၁)ကြိမ် မြောက်ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက တို့ ပါဝင်သော BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယမန်နေ့က ထွက်ခွာသွားသည်။

 

မိုဒီသည် ဘရာဇီးနိုင်ငံ၌ ရှိနေစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဘရာဇီးသမ္မတ ဂျေဘော်လ်ဆို နာရိုတို့နှင့်အတူ သီးသန့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

 

ယခုနှစ်တွင် ကျင်းပသော BRICS ထိပ်သီး အစည်းအဝေး၏ အဓိကခေါင်းစဉ်မှာ “ဆန်းသစ်သော အနာဂတ်အတွက် စီးပွားရေးတိုးတက်မှု ဟူ၍ ဖြစ်သည်။

 

ကျယ်ပြန့်သော နယ်ပယ်များ၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် BRICS အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း မိုဒီက အိန္ဒိယနိုင်ငံမှ မထွက်ခွာမီ မီဒီယာများအား ပြောကြားသည်။

 

BRICS အဖွဲ့ဝင်ငါးနိုင်ငံ ခေါင်းဆောင်များသည် ထိပ်သီးဆွေးနွေးပွဲအတောအတွင်း သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်များ၌ အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို သိသိသာသာ တိုးမြှင့်ရန်၊ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် BRICS အဖွဲ့၏ မူဘောင်အတွင်း တန်ပြန် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ထုံးလုပ်နည်းတစ်ခု တည်ဆောက်ထားရန် အဓိကရည်ရွယ်ကြောင်း မိုဒီက ထပ်မံပြောကြားသည်။

 

BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် များနှင့်အတူ အမြင်ချင်းဖလှယ်ကြရန်မိမိအနေဖြင့် ရည်ရွယ်ထားကြောင်း မိုဒီက ဆက်လက်ပြောကြားသည်။

 

ယခုနှစ်တွင် ကျင်းပမည့် BRICS ထိပ်သီး အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့်အတူ အကျိုးရှိရှိ အပြန်အလှန်ဆက်ဆံမှုများ ပြုလုပ်ရာ၌ မိုဒီအား အခွင့်အလမ်းကောင်းများ ပေးလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏ ထုတ်ပြန်ချက်တစ်ရပ်တွင်ဖော်ပြထားသည်။ ။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ