ကျောက်ပန်းတောင်း ၁၂ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားနှင့် ညောင်ဦးဆက်သွယ်သည့်၊ ဗျတ္တပန်းဆက်လမ်းပေါ်ရှိ ကျေးရွာ(၈)ရွာမှ အိမ်ထောင်စု (၅၃၆)စုတို့အတွက်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း၊ စားသောက်ရေးအထောက်အကူ ဖြစ်စေရန်အတွက် မြန်မာကိုင်ဒိုကုမ္ပဏီက ဆန်လှူဒါန်းပွဲကို မေ ၁၂ ရက် နံနက် ၁၀ နာရီက ပုပ္ပားမြို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်လှူဒါန်းပွဲတွင် မြန်မာကိုင်ဒိုကုမ္ပဏီ(CEO) ဦးအောင်ကျော်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလှူဒါန်းမှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် စားရေးသောက်ရေး ခက်ခဲနေသူများအတွက် တတ်နိုင်သမျှ လှူဒါန်းရခြင်းဖြစ်ပါကြောင်းနှင့် ပုဂံနှင့်ပုပ္ပားဆိုသည်မှာ အမြဲတမ်းဆက်သွယ်သွားလာနေရသည့် နေရာဖြစ်ရာ ယခုလိုအချိန်တွင် ကျေးရွာများ၏ အခြေအနေကို မျက်စိထဲမြင်ယောင်၍ ထောက်ပံ့လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ချိတ်ဆက်လှူဒါန်းရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုယ်စား၊ မြို့နယ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဆန်အိတ်များကို ကုမ္ပဏီ(CEO) ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်နှင့် ကျေးရွာတာဝန်ခံများက လက်ခံရယူကြ၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြန်လည်ပေးအပ်ခဲ့သည်။
မြန်မာကိုင်ဒိုကုမ္ပဏီမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းသည့် ဆန်များမှာ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဗျတ္တပန်းဆက်လမ်းဘေးမှ ရွှေစည်တိုင်ကျေးရွာ၊ ဒေါင်းလည်ကျေးရွာ၊ သီးကုန်းကျေးရွာ၊ ကုန်းပေါ်နက်ကျေးရွာနှင့် မြောက်ကုန်းကျေးရွာများ၊ ညောင်ဦးမြို့နယ်မှ ဂျမ်းလှီးကျေးရွာ၊ ဆင်လူးအိုင်ကျေးရွာနှင့် ရွာလုကျေးရွာများရွာမှ အိမ်ထောင်စု (၅၃၆)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်နှုန်း လှူဒါန်းသွားမည်ဖြစ်ရာ (၁၀၅)ပေါင်ပါ ဆန်အိတ်ပေါင်း (၁၅၀)အိတ်၊ တန်ဖိုးငွေ ကျပ် ၄၅၁၇၅၀၀ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျုတာသင်တန်းကျောင်း တာဝန်ခံ ကိုမင်းဆန်းနှင့် ကျေးရွာများမှ တာဝန်ခံများ၊ မြန်မာကိုင်ဒိုကုမ္ပဏီမှ ဦးအောင်ကျော်ဦး(CEO)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


