၉ အောင်တိုဘာ

 

စိန်ဌေးရုပ်ရှင်နှင့် ဇေယျာရွှေပြည်ရုပ်ရှင်တို့၏ ဒုတိယမြောက် ပူးပေါင်းသာသနာပြု အစီအစဉ်ဖြင့် ရိုက်ကူးမည့် ''အစိုးမရ - အနတ္တ'' ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး အခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအောင်မြေ၌ ကျင်းပသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးသည် မောင်လှမျိုး(ချင်းချောင်းခြံ) (မျက်ဝန်းရေဆူ အမှတ် ၁၅၀၀) ဝတ္ထု အားမောင်အောင်(ရူပဗေဒ) ဇာတ်ညွှန်းရေးသားပြီး၊ ဒါရိုက်တာ ဗန်းကြီးမှ သရုပ်ဆောင်များဖြစ်သော ညိမ်းသော်၊ ဇာတိ၊ စိုးမြတ်သူဇာ၊ နန်းဆုဦး၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ မေသင်ဇာ၊ ရဲသွန်းနေ၊ လင်းမြတ်နေ စသည့် အနုပညာရှင်များနှင့် ဇာတ်ကားအား ရန်ကုန်မြို့၊ ပင်လယ်ကမ်းခြေ ဒေသများတွင် သွားရောက် ရိုက်ကူးသွားမည်ဖြစ်သည်။

 

 

"ကျွန်တော် အနေနဲ့ ဥပါဒါန် ဇာတ်ကားကို ဘုန်းကြီးတွေ နဲ့ပတ်သက်ပြီး အလှူအတန်းလုပ်တဲ့ ဒကာမတွေ သဒ္ဒါလွန်တဲ့ အခါ နောက်ဆက်တွဲ ခံစားရတဲ့ အကျိုး၊ အကြောင်းတွေကို ချပြခဲ့တယ်၊အခုနောက်ထပ်ရိုက်မယ့် ဇာတ်လမ်းကတော့ ဘုန်းကြီးတွေမှာ မရည်ရွယ်ဘဲ လွယ်နေတဲ့ အလွဲလေးတွေ ရှိနေတယ် အဲ့အကြောင်းလေးတွေကို အခြေခံပြီး ရိုက်ဖို့ရှိပါတယ်၊ ဆရာတော်တွေ နေထိုင်၊ ပြောဆို သွားလာ စားသောက် ပုံစံလေးတွေကို အဓိကထား ရိုက်ပြမှာပါ၊နောက်တစ်ခုက လူသားတွေ ဆိုတာ တစ်နေတစ်နေ့ ဝမ်းရေးအတွက် ရှာဖွေစားသောက် နေတဲ့အခါ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ မသိတော့ဘူးလေ၊ ဘုရားတောင်မှ ပဉ္စဝဂ္ဂီ ငါးပါးကို တရားဟောပေမယ့် သူတို့ က သီလ ၊ သမာဓိနဲ့ပြည့် စုံနေသော်လည်း အတ္တဆိုတာကို မပယ်နိုင်တာကို ဘုရားက သိတဲ့အခါ သဘောက နာမ်အတ္တ၊ ကိုပယ်နိုင်မယ့်တရားကိုဟောမှ သူတို့တွေ ရဟန္တာ ဖြစ်ကြတာဆိုတော့ ကျွန်တော်ကလည်း မသိဘဲနဲ့ မေ့လျော့နေတဲ့ သူတွေကို အနတ္တတရားကို ပရိသတ်တွေ သိအောင်ချပြသွားမှာပါ" ဟု ဒါရိုက်တာ ဗန်းကြီး က ပြောဆိုသည်။

 

ယင်းဇာတ်ကားသည် နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်များကို ပါထည့်သွင်း ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုကြောင့် ဧရာဝတီတိုင်း လပွတ္တာ မြို့တွင် သွားရောက်ရိုက်ကူးမည်ဟု သိရသည်။ 

 

"ကျွန်တော်က ဘာလို့ အဲ့မှာသွားရိုက်ရလည်းဆို အတ္တနဲ့ဆိုတဲ့ အကြောင်းအရာကို လူတွေ သေတဲ့အခါ  ဘယ်လိုစိတ်မျိုး ခံစားဖြစ်ပေါ်တယ် ဆိုတာပေါ့နော်၊ နောက်ပရိသတ်တွေ နာလည်ပေးရမှာက ဒီထဲမှာပါတဲ့ ဇာတ်ကောင်ဆိုတာပဲ တံငါသည် ဆိုတာမျိုးကို မမြင်စေချင်ဘူး၊ သူ့စိတ်ကိုမြင်စေချင်တဲ့ ပုံစံပါ၊ လူတွေကို ကွယ်လွန်တော့မယ့်ဆဲဆဲမှာ တရားသွားပြရင် နောက်ကြသွားမှာဆိုးလို့ တရားရအောင် မကွယ်လွန်ခင် အသက်ရှိစဉ် ချပြတာပါပဲ၊ ဒီလို ဘာသာရေးကားတွေ ရိုက်ရတာမလွယ်ပါဘူး ၊ ကျွန်တော်ကဒီကားကို ရိုက်ဖို့အတွက် ဇာတ်ညွှန်းရေးနေတာ တစ်နှစ်ကျော်လောက် ရှိပါပြီ၊ စက်တင်ဘာ (၇) ရက်နေ့ လောက်မှာမှ ဆရာတော်တွေကို တိုင်ပင်ပြီး အစကနေပြန်ရေး၊ ပြန်ပြင်နေပါတယ်၊ လိုအပ်တာတွေ ဖြည့်ရတာပေါ့" ဟု ထပ်မံပြောဆိုခဲ့သည်။

 

ကိုလင်း