ဆရာကြည်
ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။
(စာတည်း)
နန္ဒမထေရ်သည နတ်သမီးများရလို၍ မြတ်သောအကျင့်ကိုကျင့်သည်။ ဘုရားကလည်း တာဝန်ယူကြောင်း ရဟန်းတို့က ပြောကြားကြလေသည်။
ထို့အပြင် ရဟန်းတော်များက ညီတော်နန္ဒ မထေရ်သည် သူရင်းငှားကဲ့သို့ အဆိုးအမနှင့်တူသော နတ်သမီးများကိုရအောင် မြတ်သောအကျင့်ကို ကျင့်သည်ဟူ၍ စွပ်စွဲကဲ့ရဲ့ ပြစ်တင်ပြောကြားလေ သည်။ ယင်းအတွက် ဘုရားရှင်ကလည်း တာဝန်ယူ ကြောင်း ပြောကြားလေသည်။ ထိုကဲ့သို့ ပြောဆိုကြကုန်၏။ နန္ဒမထေရ်သည် ရဟန်းများ၏ စွပ်စွဲပြောဆို ကဲ့ရဲ့သံများကြား၍ ငြီးငွေ့လာသည်။ ရှက်လည်း ရှက်လာသည်။
ထို့ကြောင့် ၎င်းသည် တစ်ဦးတည်း သွားရောက်၍ တရားကိုကျင့်ရာ ကိလေသာများ ကုန်ခန်း၍ ရဟန္တာ ဖြစ်သွားလေသည်။ နန္ဒမထေရ်သည် နောက်တစ်နေ့နံနက်၌ ဘုရားထံသို့သွား၍ သူနတ်သမီးများကို အလိုမရှိကြောင်း၊ နောင်တော် သင်ပြသည့်အတိုင်း တရားကိုကျင့်ကြံ၍ သံသရာ၏ ဝဋ်အဆုံးသို့ ရောက်ပြီဖြစ်ကြောင်း လျှောက်ထား လေသည်။ ဘုရားရှင်ကလည်း ညီတော်က နတ်သမီးများကိုမလိုဟု ပြောဆိုခြင်းကြောင့် သူတာဝန်ခံခြင်း ပြီးဆုံးလေသည်ဟု မိန့်တော်မူလေသည်။
အဂ္ဂိဒတ္တ စသော ရသေ့တစ်သောင်းချွတ်ခြင်း
ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌နေစဉ် တစ်နေ့နံနက်၌ မိုးသောက်ယံကို ကြည့်ရှုလေသည်။ ထိုအခါ၌ သဗ္ဗညုတဉာဏ်တော် ကွန်ရက်သို့ ဝင်ရောက်လာသည့် အဂ္ဂိဒတ္တပုဏ္ဏားကို မြင်သည်။ ၎င်းအား ချွတ်လိုက်လျှင် ရသေ့နှင့် အပေါင်းအပါတပည့်များ ရဟန္တာဖြစ်မည်ကို မြင်တော်မူလေသည်။
အဂ္ဂိဒတ္တသည် ပသေနဒီကောသမင်း၏ ဖခင်မဟာကောသမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားဖြစ်သည်။ မင်းကြီး (မဟာကောသမင်းကြီး) နတ်ရွာစံပြီးနောက် ၎င်းသည် မိမိပိုင်ပစ္စည်းဥစ္စာများကို ခုနစ်ရက်ပတ်လုံး စွန့်ကြဲပေးကမ်း၍ ရသေ့ရဟန်း ပြုလေသည်။ သူ့နောက်သို့ တစ်ထောင်သော ယောကျ်ားများသည် လိုက်၍ရသေ့ပြုလုပ်ကြလေသည်။ ၎င်းသည် ဘုရားမပွင့်မီက ဖြစ်သော အကြောင်းအရာများ ဖြစ်ပါသည်။
ယခု၌ အဂ္ဂိဒတ္တသည် အင်္ဂတိုင်း၊ မာဂဓတိုင်း၊ ကုရုတိုင်းအကြား၌ နဂါးမင်းကြီးတစ်ဦးတည်း အုပ်စိုးသည့် သဲပုံကြီးအနီး နေထိုင်သည်။ ၎င်းသည် သူ၏တပည့်များအား ဤတောတောင်အရပ်၌ သစ်ပင်တို့ကို ကိုးကွယ်ရာ၏။ ယင်းသို့ကိုးကွယ်လျှင် ဝဋ်ဆင်းရဲမှလွတ်ကြောင်း ဟောကြားပြောဆိုသည်။ အင်္ဂတိုင်း၊ မာဂဓတိုင်း၊ ကုရုတိုင်းသားတို့ကိုလည်း ဤနည်းအတိုင်း ဟောကြားသည်။ ထိုတိုင်းသားတို့သည် အဂ္ဂိဒတ္တ၏ အဆုံးအမကိုခံယူလျက် လစဉ်ပုံမှန် လှူဖွယ်ဝတ္ထုတို့ဖြင့် ပူဇော်ကြလေသည်။ ဤသည်ကား ပုဏ္ဏားကြီးအဖြစ်အပျက် အကြောင်းအရာဖြစ်ပါသည်။
ဘုရားရှင်က ၎င်းတို့အား ချေချွတ်ချိန်ကျ၍ သူ၏တပည့်အရှင်မဟာမောဂ္ဂလ္လာန်သည် ဘုရားရှင် စေလွှတ်သည့်အတိုင်း ရသေ့ထံသို့ သွားသည်။ ရသေ့၏နာမည်ကိုခေါ်၍ သူ့အား တစ်ညမျှ တည်းခွင့်ပြုရန် တောင်းခံသည်။ ရသေ့သည် သူ့နာမည်ခေါ်၍ သူ့အားဤသို့ဆက်ဆံသည်ကို မကျေနပ်သဖြင့် ဒေါသဖြစ်၍ အရှင်မဟာမောဂ္ဂလာန်အား သင့်အတွက်နေရာမရှိဟု ပြန်ပြောလေသည်။ ထိုသို့နေရာမပေးလိုလျှင် နဂါးမင်းအုပ်စိုးသော သဲပုံကြီးတွင် နေခွင့်တောင်းသည်။ ဤသဲပုံက “အဟိဆတ္တ”မည်သော နဂါးမင်းပိုင်သော သဲပုံဖြစ်ကြောင်း၊ မည်သူမျှ သင့်အား နေခွင့် မပြုဝံ့ကြောင်း ပြောပါသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်က သင်ကခွင့်ပြုမည်ဆိုပါက သူနေမည်ဖြစ်ကြောင်း ပြောသည်။ အဂ္ဂိဒတ္တပုဏ္ဏားကလည်း သင့်သဘောအတိုင်း နေလို့ရကြောင်း ပြောလိုက်လေသည်။
နောက်ဆုံး၌ နဂါးမင်းသည် ဒေါသထွက်၍ မီးခိုးလျှံများလွှတ်သည်။ မထေရ်ကလည်း ပြန်၍ မီးခိုးလျှံများ လွှတ်သည်။ တန်ခိုးပြိုင်ကြသဖြင့် ဤနေရာ၌ လင်းထိန်နေလေသည်။ နဂါးမင်းသည် အရှင်မဟာမောဂ္ဂလာန်အား ကြည်ညိုသွားသည်။ ထို့ကြောင့် “အရှင်မောဂ္ဂလာန်” ထိုင်သည်တွင် သဲပုံကို နဂါးမင်းကကိုယ်ဖြင့် ဝိုင်းပတ်၍ ပါးပျဉ်းဖြင့် မိုးထားလေသည်။ ထိုအခြင်းအရာကို ရသေ့များလာကြည့်ကြပါသည်။ သူတို့အထင်သည် မထေရ် ရဟန်းသည် နဂါး၏ လုပ်ဆောင်ချက်ကြောင့် သေမည်ဟုထင်ကြပါသည်။ သူတို့ထင်သည့်အတိုင်း မဟုတ်ဘဲ မထေရ်၏တန်ခိုးကြီးပုံကို မြင်ရသောအခါ အံ့သြပြီး အရိုအသေပြု၍ ရှိခိုးပူဇော်ကြလေသည်။
ဤသို့ ဖြစ်သည့်အချိန်၌ ဘုရားရှင် ကြွရောက်လာတော်မူသည်။ အရှင်မဟာမောဂ္ဂလာန်ကလည်း ဘုရားကိုရှိခိုးသည်။ သူ၏ဆရာဖြစ်ကြောင်း ရသေ့တို့အား ပြောလိုက်လေသည်။
ရသေ့ကြီးသည် သူ့တပည့်တောင် ယခုလောက်တန်ခိုးကြီးမားလျှင် သူ့ဆရာသည် ပြောဖွယ်ရာမရှိ အံ့သြသွားသည်။ ဘုရားရှင်အား ရှိခိုးပူဇော်ကြ လေသည်။ ထို့နောက် ရသေ့ကြီးအား သူတို့၏ ကျင့်ကြံပုံကို မေးသည်။ ဘုရားရှင်သည် သူတို့၏ မှားယွင်းကိုးကွယ်မှုကို ပြင်၍ ဘုရား၊ တရား၊ သံဃာ တို့ကို ဆည်းကပ်ကိုးကွယ်မှသာလျှင် သံသရာ ဝဋ် ဆင်းရဲမှ လွတ်မည်ဖြစ်ကြောင်း ငါးဂါထာဖြင့် ဟောကြားပါသည်။
ဘုရားရှင်၏ တရားတော်ကို နာကြားပြီးသော် ရသေ့ကြီးနှင့် သူ့တပည့်အားလုံးသည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ ဖြစ်သွားကြပါသည်။ သူတို့က ဘုရားရှင်အား ရဟန်းပြုခွင့်တောင်းသည်။ ဘုရားကလည်း “ဧဟိဘိက္ခု’’ ခေါ်၍ ၎င်းတို့သည် ရသေ့အသွင်မှ ရဟန်းအသွင်သို့ ပြောင်းသွားကြလေသည်။
တိုင်းသုံးတိုင်းမှ ပြည်သူပြည်သားများက သူတို့ဆရာကို လေ့လာကြပါသည်။ ထိုအခါ ဘုရားရှင်နှင့် ရသေ့ကြီး သူ့တပည့်တို့ကိုတွေ့သည်။ ယင်းပရိသတ် အပေါင်းသည် သူတို့ဆရာရသေ့က ဘုရားရှင်ထက်မြတ်သည်။ ထို့ကြောင့် ဘုရားရှင် ဤနေရာရခြင်းဟု ထင်ကြလေသည်။ ယင်းထင်သည်ကို ဘုရားရှင်ကသိ၍ ရသေ့ကြီးအား သူ့တပည့် ပြည်သူပြည်သားများ ကို သူတို့ထင်သည့်ကိစ္စကို ပယ်ဖျောက်ရန် သင်ပင်တာဝန်ယူပါဟု အမိန့်ပေးမြွက်ကြားလေသည်။
ထိုအခါ ရသေ့ကြီးသည် ကောင်းကင်သို့ ပျံတက်၍ ပြန်ဆင်းသည်။ ဆင်းသည့်အခါ ဘုရားရှင် ခြေတော်ရင်းတွင် ဦးခိုက်ရှိခိုးပြသည့်အပြင် ဘုရားရှင်အား ဆရာဖြစ်ကြောင်း သူတို့ကတပည့်ဖြစ်ကြောင်း ဆိုသည်။ ဤသို့လုပ်ဆောင်ခြင်း ခုနစ်ကြိမ်တိုင်တိုင် ဆောင်ရွက်လေသည်။ ဤသို့ဖြင့် ဤရဟန်းတစ်ထောင် (ရသေ့မှ ဖြစ်လာသည်) ဖြင့် ဇေတဝန်ကျောင်းတော်သို့ ကြွသွားလေသည်။
ဝိသာခါ၏အဘိုး မေဏ္ဍကသူဌေးကြီးအကြောင်း
မေဏ္ဍကသူဌေးသည် ဘဒ္ဒိယမြို့၌ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီး ဖြစ်ပါသည်။ ၎င်း၌ စန္ဒပဒုမအမည်ရှိ ဇနီးမယား၊ ဓနဉ္စယမည်သောသား၊ သုမနဒေဝီမည်သောဇနီး ဝိသာခါဟူသည့် သူဌေး ကြီး၏မြေး ငါးဦး ရှိကြပါသည်။ ထိုသို့သော မိသားစု ငါးဦးသည အလွန်ချမ်းသာကြွယ်ဝကြပါသည်။ ဤလောကစည်းစိမ်ကို အတူတကွ ချမ်းသာစွာ ခံစားနေကြလေသည်။
၎င်းသူဌေးကြီးသည် လွန်ခဲ့သော (၉၁)ကမ္ဘာ၌ ဝိပဿီဘုရားလက်ထက ထူးခြားစွာ လှူဒါန်းခဲ့သောဒါနကြောင့် ချမ်းသာပါသည်။ ထိုအချိန်က သူဌေးကြီးသည် ဘုရားရှင်အတွက် ရတနာခုနစ်ပါး ဖြင့်ပြီးသော ဂန္ဓကုဋိတိုက်ဓမ္မသာလာ တရားဟော အဆောင်၊ ၎င်းအဆောင်အတွင်းတွင် ဆိတ်ရုပ်များ ခံထားသောပလ္လင်နှင့် ခြေတော်ရာတင်ခုံတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် လေးလပတ်လုံး ဘုရားရှင်နှင့် ရဟန်းသံဃာတော်များအား အလှူကြီးကို ပေးလှူခဲ့ပါသည်။
၎င်းသူဌေးကြီး ဤဘဒ္ဒကပ်ကမ္ဘာမှာလည်း ဗာရာဏီသူဌေးဖြစ်စဉ်က ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်ချိန် သူတို့မိသားစုငါးဦး စားရန်ချက်ထားသော တစ်စလယ်ချက်ထမင်းများကို သူတို့ထံသို့ ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား စေတနာသန့်သန့်ဖြင့် အတုမရှိသောအလှူကို ပေးလှူပြီး သူတို့မစားဘဲ သေကြအံ့ဟူ၍ ရက်ရောစွာ လှူဒါန်းခဲ့ပါသည်။ ယင်းသို့သော စေတနာသဒ္ဓါတရားကြောင့် ထမင်းအိုး၌ ထမင်းပြည့်မြဲ ပြည့်နေလေသည်။ စပါးကျီ၌လည်း စပါးများ ပြည့်လျက်ရှိနေသည်။ သူသည် ငတ်မွတ်နေသော ပြည်သူပြည်သားများအား စေတနာထက်သန်စွာဖြင့် ပေးကမ်းလှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းခဲ့သော ကုသိုလ်ကံစေတနာတို့ကြောင့် ယခု ဂေါတမဘုရား လက်ထက်၌ ဘဒ္ဒိယမြို့တွင် အလွန်ချမ်းသာကြွယ်ဝ သော သူဌေးကြီး ဖြစ်လာပါသည်။ မေဏ္ဍကသူဌေး ကြီးသည် မိသားစု ငါးဦးနှင့်အတူ ချမ်းသာကြွယ်ဝ၍ ဘုန်းကံကြီးမားလေသည်။
မေဏ္ဍကသူဌေးကြီး၏ ဘုန်းကံသည် အလွန်အံ့မခန်းလောက်ကြီးမားပါသည်။ ၎င်း၏အိမ် နောက်ဖေး၌ ရှစ်ပယ်မျှ ကျယ်သော အရပ်တို့တွင် နွားများ၏အရွယ်လောက်ရှိသည့် ရွှေအတိပြီးသည့် ဆိတ်ရုပ်များ ကျောချင်းထိကာ မြေကိုဖောက်လျက် အလိုလိုပေါ်ပေါက်လာပါသည်။ ယင်းဆိတ်တို့၏ ခံတွင်း၌လည်း အဆင်းငါးပါးနှင့် ပြည့်စုံသော ချည် ထွေး၊ ချည်မျှင်များ၊ ထောပတ်သီး စသည့် အဝတ်ပုဆိုးများ ရွှေငွေစသည့် သုံးမကုန်လောက်အောင် အလိုလို ပါရှိလေသည်။ ထို့ကြောင့် ၎င်းကို မေဏ္ဍက (ဆိတ်သူဌေး) ဟု အမည်တွင်လေသည်။
ဘုရားရှင်သည် အင်္ဂတိုင်း၊ ဥတ္တရတိုင်းများသို့ ဒေသစာရီကြွတော်မူသည်။ ဘဒ္ဒိယမြို့၌ နေကြသော သူဌေးကြီး မေဏ္ဍက မိသားစုသည် သောတာပန် ဖြစ်မည်ကို ဘုရားရှင်က မြင်တော်မူသည်။ ထို့ကြောင့် ဘဒ္ဒိယမြို့သို့ ကြွကာ မြလေးတော၌ နေတော်မူသည်။
(ဆက်လက်ဖော်ပြပါမည်)