(၁၅-၄-၂၀၂၂)ရက်နေ့မှအဆက်
ထိုအချိန်၌ မေဏ္ဍကသူဌေးကြီးသည် ခုနစ်နှစ် အရွယ်မြေး “ဝိသာခါ” အား အရန်သတို့သမီးငယ် တို့နှင့်တကွ ရထားငါးရာစီး၍ ကျွန်မငါးရာ ခြံရံလျက် ဘုရားရှင်ထံသို့ သွားကြိုရန် စေလွှတ် လိုက်လေသည်။ “ဝိသာခါ’’သည် ဘုရားရှင်ထံသို့ ရောက်သောအခါ သင့်တော်ရာနေရာ၌နေလျက် ဘုရားရှင်အား ဖူးမြော်ကန်တော့လေသည်။ ဘုရားရှင်သည် ၎င်းတို့နှင့်သင့်တော်သော တရားပေးလိုက်ရာ “ဝိသာခါ”နှင့် သူ့အခြွေအရံငါးရာတို့ သောတာပန် ဖြစ်လေသည်။
မေဏ္ဍကသူဌေးကြီးလည်း ဘုရားထံသို့သွား၍ ဖူးမြော်ကန်တော့သည်။ သူတို့နှင့် သင့်တော်ရာ နေရာ၌နေလေသည်။ ဘုရားရှင်ကလည်း သူ့စရိုက်နှင့် သင့်တော်သည့်တရားတော်ကို ဟောကြားသည်။ ဘုရားရှင်ဟောကြားသည့်တရားကို သူဌေးကြီး နာရပြီးနောက် သောတာပန် ဖြစ်သွားလေသည်။ သူဌေးကြီးသည် ဘုရားရှင်အမှူးပြု၍ ရဟန်းသံဃာအပေါင်းတို့အား ပင့်ဖိတ်ကာ ၁၅ ရက်တိုင်တိုင် ဆွမ်းကပ်လှူဒါန်းတော်မူသည်။ ကြီးကျယ်သော အလှူကြီးကို လှူဒါန်းလေသည်။ ဘဒ္ဒိယမြို့၌လည်း ကျွတ်သင့်ကျွတ်ထိုက်သူများကို ဘုရားရှင်က တရားဟောကြားတော်မူခဲ့ပါသည်။
သာဝတ္ထိပြည့်ရှင် ကောသလမင်းကြီးသည် သူ့နိုင်ငံ၌ အတိုင်းမသိချမ်းသာသော သူဌေး သူကြွယ်တစ်ယောက်မှမရှိသဖြင့် မောင်လှယ် နှမလှယ် ဆွေမျိုးတော်စပ်သော ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းထံသို့သွား၍ အသင်မင်းကြီး၏ တိုင်းပြည်၌ရှိသည့် အတိုင်းမသိ ချမ်းသာကြွယ်ဝသော သူဌေးကြီးငါးဦးအနက် တစ်ဦးကို သူ့တိုင်းပြည် သို့ပေးရန် တောင်းခံလေသည်။
ဗိမ္ဗိသာရမင်းကြီး၏ တိုင်းပြည်၌ရှိသောသူဌေးကြီး ငါးဦးမှာ (၁) ဇောတိက၊ (၂) ဇဋိလ၊ (၃) မေဏ္ဍက၊ (၄) ပုဏ္ဏ၊ (၅) ကာကဝလ္လိယ အမည်ရှိပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ၎င်းသူဌေးကြီးငါးဦးအနက် မေဏ္ဍက သူဌေးကြီးအား သူ့မိသားစုနှင့် သူ့ကျေးကျွန်များ ခေါ်ဆောင်၍ ကောသလမင်းကြီးထံသို့ လိုက်ပါသွား ရန် ဗိမ္ဗိသာရမင်းကြီးက စေလွှတ်လိုက်လေသည်။ ကောသလနိုင်ငံနှင့် သာဝတ္ထိပြည် ခုနစ်ယူဇနာ ကွာဝေးသည့်နေရာသို့ရောက်သော် သာယာဖွယ်ကောင်းသောကြောင့် မေဏ္ဍကသူဌေးကြီးသည် မြို့တစ်မြို့ တည်ထောင်နေလေသည်။ ဤမြို့ကို သာကေတမြို့ဟု အမည်ပေးလေသည်။
ကာကဝလ္လိယ သူဆင်းရဲလင်မယား သူဌေးကြီးဖြစ်လာခြင်း
ရာဇဂြိုဟ်ပြည်တွင် အလွန်ဆင်းရဲသည့် ပုဏ္ဏား လင်မယား ဇနီးမောင်နှံ နှစ်ဦး ရှိကြပါသည်။ သူတို့ နှစ်ဦးသည် အလွန်ဆင်းရဲကြပါသည်။ ယင်းပုဏ္ဏားသည် နံနက်စောစောထပြီး တောသို့နေ့စဉ်သွားကာ ထင်းခွေပါသည်။ ရလာသောထင်းကို ရောင်းချ၍ ဆန်တစ်ကွမ်းစား (တစ်စလယ်)မျှရသဖြင့် အိမ်သို့ နေ့မွန်းတည့်မှ ပြန်ရောက်ကြပါသည်။
အိမ်သို့ရောက်သောအခါ ယင်းရသောဆန်ကို နံနက်စာတစ်ဝက်၊ ညစာတစ်ဝက်ထားကာ စားကြရပါသည်။ မယားဖြစ်သူ ပုဏ္ဏားမသည် အခြားအိမ်များ၌ စပါးထောင်း၊ ဆန်ဖွပ်၍ အငှားလုပ်ကိုင်ရသည်။ ဤသို့ရလာသောဥစ္စာတို့ကို တန်ဖိုးထား၍ ဟင်းလျာဖိုးထားသည်။ ကျန်သောငွေကိုစု၍ အဝတ်အစား ဝယ်ရပါသည်။ အလွန်ဆင်းရဲကြပါသည်။ သူတို့အိမ်၌စားစရာများ ကျန်သည်မရှိ၊ အမြဲ ကုန်လျက်ရှိပါသည်။ ထို့ကြောင့် သူတို့အိမ်သို့ ကျီးငှက်မျှမနားလိုကြ၍ ကျေးငှက်ကျီးတို့ကို အစောင့်စေလွှတ်ရပါသည်။ ထိုသို့ပြုလုပ်သောကြောင့် ကာကဝလ္လိယပုဏ္ဏားဟု ခေါ်ပါသည်။
တစ်နေ့သောအခါ အရှင်မဟာကဿပ မထေရ်သည် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် ချီးမြှောက်ရမည့်သူများ ကြည့်သောအခါ ကာကဝလ္လိယပုဏ္ဏားလင်မယားကို မြင်လေသည်။ ၎င်းတို့ ရှေ့ကုသိုလ်ကောင်းမှုကံရှိပါလျက် ဆင်းရဲနေကြသည်။ ယင်းသို့ ဆင်းရဲခြင်းမှာ မကောင်းမှုကံ တစ်ခုက နှောင့်ယှက်နှိပ်စက်သောကြောင့် ဖြစ်ကြောင်း သိတော်မူသည်။ ၎င်းတို့၏ကုသိုလ်ကံသည် မီးခဲပြာဖုံးဖြစ်နေသည့်အတွက် အရှင်မဟာ ကဿပက သွားရောက်ကူညီမြှောက်ပင့်ချီးကျူးရသော် သူတို့လက်ငင်း အကျိုးကို ခံစားရမည်ကို သိ၍ ချီးမြှောက်ရန် သူတို့အိမ်သို့ ဆွမ်းခံရပ်နေသည်။
ဤဆွမ်းခံရပ်သည့် မထေရ်ကို ပုဏ္ဏားမ မြင်လေသော် မထေရ်အား ကြည်ညိုသဒ္ဓါပွားများ သောကြောင့် သူ့ခင်ပွန်းပုဏ္ဏားကြီးအတွက် ယာဂုကို အရှင်မဟာကဿပအား လောင်းလှူလိုက်လေသည်။ ၎င်းသည် လောင်းလှူပြီးသောအခါ ယင်းပုဏ္ဏားမသည် “ယခုလို ဆင်းရဲဒုက္ခမှ ဒိဋ္ဌဓမ္မ အကျိုးခံစားရပါစေသား”ဟု ဆုတောင်းလိုက်ပါသည်။ ယင်းဆုတောင်းချက်ကို အရှင်မဟာ ကဿပကလည်း တောင်းသည့်အတိုင်း ပြည့်ပါစေဟူ၍ ဆုပေးခဲ့လေသည်။ ထိုအလှူကို သူ့ခင်ပွန်း ယောက်ျားပုဏ္ဏားကြီးအား ထင်းခွေမှပြန်လာရာ တွင် ပြောပြလေသည်။ ပုဏ္ဏားကြီးကလည်း အလွန်ဝမ်းမြောက်ကြည်နူးလေသည်။
ထိုနေ့၌ ဗိမ္ဗိသာရမင်းကြီးသည် ရထားစီး၍ မြို့ကို လှည့်လည်ရာတွင် သုသာန်၌ တံကျင်လျှိုထားသော ယောက်ျားတစ်ဦးကို မြင်လေသည်။ မင်းကြီးအား တံကျင်လျှိုထားသော မသေးသည့် ယောက်ျားက သူမသေမီ ထမင်းတစ်နပ်စာနှင့် ရေတစ်မှုတ်မျှ ပေးသနားရန် တောင်းခံပါသည်။ ထိုအခါ မင်းကြီးက ပေးလိုသောဆန္ဒရှိပါသည်။ ယခု၌ သူ့တွင်ထမင်းလည်း မပါလာသဖြင့် သူနန်းတော်ရောက်မှ ပို့စေလွှတ်လိုက်မည်ဟု ကတိပေးခဲ့လေသည်။
မင်းကြီးသည် ထိုသုသာန်ပြင်၌ တံကျင်လျှိုထားသော ယောက်ျားအားသနား၍ သူတောင်းခံသည်ကို ပေးပို့မည်ဟု ကတိပေးခဲ့သော်လည်း နန်းတော်ရောက်သော် မောင်းမမိဿံများ ဖျော်ဖြေမှုကြောင့် မေ့သွားပါသည်။ နေဝင်မှယင်းကိစ္စကို မင်းကြီးသတိရလာသည်။ သူ့ကတိကို မပျက်လိုသောကြောင့် မင်းချင်းတစ်ဦးအား ထမင်းနှင့်ရေကို ထိုယောက်ျားထံသို့ ပေးပို့ရန်စေလွှတ်သည်။ မင်းချင်းကလည်း မြို့တံခါးဝ၌ ထန်းနှစ်ပင်တွင် ဒီဃတာလအမည်ရှိ ဘီလူးသည် နေဝင်သည်မှ အရုဏ်တက်သည့်အချိန်အထိစောင့်၍ ဝင်ထွက် သွားလာသူတို့ကို ဖမ်းစားလေ့ရှိသောကြောင့် မသွားဝံ့ကြောင်း ပြောပါသည်။ မင်းကြီးက ဘီလူးအား အပိုင်စားပေးထားသောကြောင့် ဖြစ်ပါ သည်။
မင်းကြီးသည် သူပြောလာခဲ့သောကတိပျက် မည်စိုးသောကြောင့် ဤသုသာန်သို့ ယခုအချိန် သွားဝံ့သူကို အသပြာတစ်ထောင်ပေးမည်ဟု ကြေညာလေသည်။ ဤသတင်းကိုကြား၍ သူသွားပေးမည်ဟု ကာကဝလ္လိယပုဏ္ဏား၏ဇနီးက သွားလျှောက်ထားပါသည်။ သို့သော် သူ့အား လင်ပန်းတွင် ထမင်း ထည့်ပေးလိုက်ပါဟု ပြောသည်။ ထို့နောက် ပုဏ္ဏား သူဆင်းရဲမသည် လင်ပန်းကိုရွက် ရေအိုးရေခွက်ဆွဲ၍ သွားလေသည်။ ဤသို့ဖြင့် သူဆင်းရဲမလာသည်ကို မြင်လျှင် ဘီလူးက သင်သည် ငါ၏အစာသာဖြစ်သည် ဟု ပြောသည်။ ထိုသူသည် ဘီလူးအား သင်လည်း မင်းကြီးအမှုထမ်း၊ ငါကလည်း မင်းကြီး တမန်တော် ဟု ပြော၍ သူရွက်လာသော လင်ပန်းကို သက်သေ ထူလိုက်ပါသည်။ ဘီလူးလည်း ဟုတ်ပေသည်။ သင်သွားနိုင်ပါသည်။ သုသာန်ပြင်အနီးရှိ မန်ကျည်းပင်ကြီး ခုနစ်ပင်အောက်၌ စောင့်နေသော ဘီလူး၏ ယောက္ခမ သုမနနတ်မင်းကြီးအား သူ့သမီး ဒီဃတာလ၏မယား ကာဠိနတ်သမီးသည် သားရတနာ ယနေ့ဖွားမြင်ကြောင်း အကြောင်းကြားပေးရန် မှာလိုက်ပါသည်။ သူဆင်းရဲမသည် တံကျင် လျှိုထားသော ယောက်ျားအား ထမင်းနှင့် ရေပေးပြီးနောက် ဘီလူးမှာလိုက်သောသတင်းကို သုမန နတ်မင်းကြီးအား ပြောပြလေသည်။
နတ်မင်းကြီးသည် အလွန်ဝမ်းမြောက်၍ နှစ်သက်သည့် မင်္ဂလာစကားသံကိုကြားရသဖြင့် သင့်အား ဆုပေးမည်ဟုပြော၍ သူဆင်းရဲမအား ငါ့မန်ကျည်းပင်ခုနစ်ပင်၏ တစ်ပင်စီအရင်း၌ ရွှေအိုး ခုနစ်အိုးကို မနက်ဖြန်လာ၍ယူလော့ဟု မှာလိုက်ပါသည်။ သူဆင်းရဲမလည်း ဘီလူးဆီရောက်သောအခါ သူပေးပို့ခဲ့သည့် သတင်းနှင့်သူ့အားပေးလိုက်သောဆုများကို ပြောပြသည်။ ဘီလူးကလည်း သူ့ယောက္ခမ နတ်မင်းကြီးကတောင် ဆုပေးလျှင် ငါကပိုပေးမည်ဟုဆိုပြီး ငါ၏ထန်းပင်ရင်း၌ ရွှေအိုးကြီးလေးလုံးကို မနက်ဖြန်လာယူလော့ဟု သူပေးကြောင်း ပြောလိုက်ပါသည်။
နန်းတော်ရောက်သော် ဤအဖြစ်သနစ်များကို မင်းကြီးအားပြောသော် မင်းကြီးက သူပေးရမည့် ငွေတစ်ထောင် ထုတ်ပေးသည်။ နောက်နေ့နံနက်၌ နတ်မင်းကြီးနှင့် ဘီလူးကပေးသော ရွှေအိုးတို့ကို မင်းချင်းများနှင့် သွားယူစေပြီး မင်းရင်ပြင်၌ ကာကဝလ္လိယအား သူဌေးများဆောင်းရသောထီး ကို ဆောင်းစေလျက် သူဌေးရာထူးကို မင်းကြီးက ပေးလိုက်လေသည်။ ထို့နောက် ၎င်းတို့က မင်းကြီးထံမှ သူတို့လင်မယားနေရန် မြေနေရာပြတောင်းခံရာ ၎င်းနေရာမှ ချုံနွယ်များကို ရှင်းလင်းတူးဆွသော အခါ၌ တူးတိုင်းတူးတိုင်း ရွှေအိုးငွေအိုးများ ထွက်ပေါ်လာလေသည်။ ၎င်းတို့သည် အတိုင်းမသိ ချမ်းသာလေသည်။ အရှင်မဟာကဿပ၏ကျေးဇူးကြောင့် ဤသို့ သူဌေးအဖြစ် ချမ်းသာရခြင်းဖြစ်၍ နေ့စဉ် ရဟန်း ၅၀၀ တို့အား ဆွမ်းလုပ်ကျွေးကြလေသည်။
(ဆက်လက်ဖော်ပြပါမည်)