ဆရာကြည်

(၂၉-၁၀-၂၀၂၃ ရက်နေ့မှအဆက်) 

အခါတစ်ပါး၌ ဘုရားရှင်သည် အရှင်သီဝလိ အပါအဝင် ရဟန်းငါးရာတို့ ခြံရံလျက် ရှားတော၌ တစ်ပါးတည်းနေသော ရေဝတသာမဏေထံသို့ ဝါကျွတ်ချိန်၌ ကြွတော်မူသည်။ ယူဇနာ ၃ဝ ဝေးသည်ဖြစ်၍ တစ်နေ့ တစ်ယူဇနာကျ ရှားတောသို့ ကြွကြလေသည်။ ရောက်လေရာစခန်းတိုင်း၌ နတ်တို့က သူတို့ရှင်သီဝလိ လာပြီဆို၍ ပူဇော်ကန်တော့ကြသည်။ ကျောင်းများကိုလည်း ဖန်ဆင်းထားကာ နတ်သြဇာဘောဇဉ်များကိုလည်း လှူဒါန်းကြလေသည်။ ရှင်သီဝလိကလည်း ဘုရားနှင့်တကွသော ရဟန်းတို့ကိုပြန်လှူသည်။ အပြန်ခရီး၌ ဤနည်းတူ လှူဒါန်းကြလေသည်။ ထို့ကြောင့်ပင် နောင်သော အခါ၌ ဘုရားရှင်သည် ရှင်သီလဝိအား ရဟန်းတို့ ပစ္စည်းလေးပါး လာဘ်လာဘပေါများသော ငါဘုရား၏ ရဟန်းတပည့်တို့တွင် ရှင်သီဝလိသည် အမြတ်ဆုံးဖြစ်သည်ဟု မိန့်တော်မူလေသည်။ ထို့နောက် သီဝလိ အား  လာဘီဧတဒဂ်အရာ၌ ထားတော်မူလေသည်။

ရှင်သီဝလိ၏ အတိတ်ဘဝအကြောင်း ရှင်းလင်းချက်

ရှင်သီဝလိသည် ရှေးအတိတ်ဘဝ၌ ဗာရာဏသီ ပြည့်ရှင်မင်း၏ သားတော်ဖြစ်ခဲ့ဖူးသည်။ ကောသလမင်းကြီးသည် ဗာရာဏသီပြည်ကို တိုက်ခိုက်၍ ဗာရာဏသီမင်းကိုသတ်ပြီး မိဖုရားကိုမယားအဖြစ် သိမ်းပိုက်ရန်ကြံသည်။ မိဖုရားသည် ထွက်ပြေး တိမ်းရှောင်လေသည်။ သားတော် သီဝလိသည် စစ်သည်ဗိုလ်ပါ စုရုံးကာ တိုက်မည်ပြုရာ၌ မယ်တော်၏ အကြံပြုချက်ကြောင့် ၎င်းသည် စစ်မတိုက်ဘဲ တစ်မြို့လုံးကို အပြင်မှဝိုင်းရံပြီး ပိတ်ဆို့၍ အစာရေစာ ဖြတ်တောက်ထားလေသည်။ ခုနစ်ရက်ပြည့်သောအခါ ပြည်သူပြည်သားတို့သည် မခံမရပ်နိုင်ဘဲ ကောသလမင်းကိုသတ်၍ ၎င်းအားထီးနန်းပေးအပ်လေသည်။ 

ဤသို့ မြို့ကို ခုနစ်ရက်ပတ်လုံး ပိတ်ဆို့ထား၍ ပြည်သူပြည်သားတို့ကို နှိပ်စက်ညှဉ်းဆဲမှု အတိတ်ကံကြောင့် ရှင်သီဝလိသည် အမိဝမ်းတွင်း၌ ခုနစ်နှစ် တိုင်တိုင် ဆင်းရဲခံရလေသည်။ လာဘ်လာဘပေါများ ရသောအကြောင်းမှာ ရှေးအတိတ် သီဝလိ လောင်းလျာသည် ပဒုမုတ္တရဘုရားလက်ထက်၌ ဘုရားအမှူးဖြစ်သော ရဟန်းတို့အား အလှူကြီးပေးခဲ့ပြီး လာဘီဧတဒဂ်ဘွဲ့ကို ဆုတောင်းခဲ့သည်။ ဤသို့လှူဒါန်းခြင်းမှာ ပထမအကြိမ်ဖြစ်ပါသည်။

ဒုတိယအကြိမ်အဖြစ် ဝိပဿီဘုရားလက်ထက်၌ အရှင်သီဝလိသည် ဆင်းရဲသားတစ်ဦး ဖြစ်ခဲ့ဖူးရာ တောမှရှာ၍ရလာသော ပျားရည်နှင့် နို့ခဲအိုးတို့ကို ပြည်သူလှူသော အလှူပွဲကြီး၌ ဝင်ရောက်၍ ဘုရားရှင်အား လှူဒါန်းလေသည်။ ယင်းသို့လှူရာတွင် လာဘီဧတဒဂ်ဘွဲ့ထူးကို ဆုတောင်းခဲ့သည်။ ထိုသို့ပြုလုပ်လှူဒါန်းခဲ့သောကြောင့် ရှင်သီဝလိသည် ယခုဘဝ၌ လာဘ်လာဘပေါများ၍ လာဘီဧတဒဂ်ဘွဲ့ကို ရရှိရခြင်းဖြစ်သည်။

စာလိယတောင်၌ တေရသမ - ၁၃ ဝါ ကပ်ခြင်း အရှင်မေဃိယမထေရ်သည်  ဘုရားစကားကို နားမထောင်ခြင်း

ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်က မဟာရာဟုလောဝါဒသုတ္တန် စသော တရားတော်များဖြင့် လူ နတ် ဗြဟ္မာတို့အား ချေချွတ်တော်မူခဲ့သည်။ ဘုရားရှင်သည် ယင်းကိစ္စများပြီးသောအခါ စာလိယမြို့သို့ ဒေသစာရီကြွတော်မူသည်။

ဘုရားရှင်သည်  စာလိယတောင်ပေါ်၌ (ချရားတော) ကျောင်းတိုက်များတွင် တေရသမ တစ်ဆယ့်သုံးဝါမြောက် ဝါကပ်၍ သီတင်းသုံးတော်မူသည်။ ထိုအခါတွင် အရှင်မေဃိယမထေရ်သည် ဘုရားရှင်အား ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးသည်။ ခေတ္တအလုပ်အကျွေး (ဥပဋ္ဌာက) ဖြစ်သည်။

(ဘုရားရှင်သည် ဝါတော် ၂ဝ အတွင်း၌ ၎င်းအား လုပ်ကျွေးပြုစုမည့် ဥပဋ္ဌာကဟူ၍ အမြဲမရှိပေ။ ရံခါ နာဂသမာလထေရ်၊ နာဂိတထေရ်၊ ဥပဝါနထေရ်၊ သုနက္ခတ္တရဟန်း၊ အရှင်သာရိပုတ္တရာ၏ညီ နန္ဒထေရ်၊ သာဂတထေရ်၊ မေဃိယထေရ် စသည်ဖြင့် အလှည့်ကျ ခေတ္တအလုပ်အကျွေးပြုစုကြသည်)

ယခုအချိန်၌ မေဃိယထေရ်အလှည့် ဘုရားရှင်အား လုပ်ကျွေးပြုစုနေသည်။ တစ်နေ့နံနက်၌ မေဃိယထေရ်သည် ဘုရားရှင်အား ပန်ကြား၍ “ဇန္တု”ရွာသို့ ဆွမ်းခံကြွလေသည်။ ၎င်းသည် ဆွမ်းကိစ္စပြီးသောအခါ “ကိမိကာဠာ” မည်သော ဆိပ်ကမ်းသို့ သွားသည်။ အညောင်းပြေ စင်္ကြံလျှောက်သည်။ ထိုအခါ စိမ်းလန်းစိုပြည် ကြည်နူးဖွယ်ကောင်းသော သရက်ဥယျာဉ်ကို မြင်တွေ့သည်။ ထိုဥယျာဉ်ကို တွေ့သောအခါ ၎င်းဥယျာဉ်ထဲ၌ တရားထိုင်လိုသော ဆန္ဒပေါ်လာသည်။ ၎င်းသည် ဘုရားထံသို့သွား၍ တပည့်တော်သည် ဤမည်သော သရက်ဥယျာဉ်ခြံ၌ တရားအားထုတ်လိုပါ၏ဟု ခွင့်ပန်လျှောက်ထားလေသည်။ ဘုရားရှင်သည် မေဃိယထေရ်သည် မရင့်ကျက်သေး၍ ကမ္မဋ္ဌာန်းထိုင်ရန် မသင့်သည်ကို မြင်တော်မူသည်။ ထို့ကြောင့် ယခုအခါ၌ ငါဘုရားတစ်ပါးတည်းရှိသေး၍ နောက် အခြားရဟန်းတစ်ပါးပါး  မရောက်သေးသဖြင့် အသင်ချစ်သား မေဃိယထေရ် ဆိုင်းငံ့လော့ဟု တားမြစ်လေသည်။

၎င်းသည် ဘုရားရှင်ထံသို့ ဤသရက်တော ဥယျာဉ်၌ တရားထိုင်ခွင့် အကြိမ်ကြိမ်လျှောက်ထားသည်။ ယင်းသို့ ထပ်ကာထပ်ကာ တောင်းခံလာသောကြောင့် ဘုရားရှင်က ချစ်သား မေဃိယ တရားအားထုတ်မည့်သူကို ငါဘုရားမတားပါ။ သင့်အလိုရှိတိုင်း ပြုလော့ဟူ၍ ခွင့်ပြုပေးတော်မူလေသည်။ ၎င်းလည်း နေရာမှထ၍ သရက်တောဥယျာဉ် ကျောက်ဖျာထက်တွင် တရားထိုင်လေသည်။ ၎င်းသည် ရှေးယခင် မင်းဖြစ်စဉ်က ဤနေရာ၌ ကချေသည်များခြံရံလျက် စံစားတော်မူခဲ့သည်။ သူသည် ထိုနေရာ၌ ထိုင်သောအခါ မိမိကိုယ်ကို ရဟန်းဟုမထင်မြင်တော့ဘဲ မင်းအဖြစ်ဖြင့် ရာဇပလ္လင်ပေါ်တွင် ထိုင်နေသည်ဟု အိပ်မက်ပမာ ဖြစ်နေလေသည်။ ထို့ကြောင့်လည်း သူ့စိတ်တွင် ကာမဝိတက် အကုသိုလ်တရားများ ပွားများလေသည်။ ထို့နောက် အိပ်မက်ပမာ သူ့ထံသို့ ရာဇဝတ်သားနှစ်ဦးကို ခေါ်လာသည်ဟု မြင်သည်။ သို့ဖြစ်၍ တစ်ဦးကို သတ်ဖြတ်၊ တစ်ဦးကို ထောင်ချစေဟူ၍ အမိန့်ပေးမိသည်ဟု ထင်ပြီး ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်များ တဖွားဖွား ဖြစ်ပေါ်ကုန်လေသည်။

ထိုအခါ သူသည် သူ့ကိုယ်သူ အံ့သြနေမိလျက် သဒ္ဓါတရား ထက်သန်စွာဖြင့် ရဟန်းဝတ်သည်၊ ယခု၌ ဤယုတ်မာသော အကုသိုလ်စိတ်များ ပေါ်ပေါက်နေသည်။ ယင်းနေရာကို ဘုရားရှင်ကသိ၍ တားမြစ်သည်ဟု သူသိလာသည်။ သူသတိတရားရ၍ ဘုရားရှင်ထံသို့ ပြန်သွားလေသည်။ ရောက်သောအခါ သူတွေ့ကြုံခဲ့ရသော အကြောင်းအရာများကို ဘုရားရှင်ထံသို့ လျှောက်ထားလေသည်။

ဘုရားရှင်သည် ၎င်းထံမှ လျှောက်ထားချက်များကို သိသောအခါ အောက်ပါအတိုင်း တရားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဤငါးချက်တရားတို့၌ တည်ရှိရာဟု မိန့်ကြားလေသည်။

(၁)    မိတ်ဆွေကောင်းကို ပေါင်းမိခြင်း၊

(၂)    သီလနှင့် ပြည့်စုံခြင်း၊

(၃)    ကထာဝတ္ထုဆယ်ပါး တရားစကားကို ကြားနာလေးစားမှုများခြင်း၊

(၄) လုံ့လဝီရိယရှိခြင်း၊

(၅) ဥယဗ္ဗယဉာဏ်နှင့် ပြည့်စုံခြင်း စသည်တို့ တည်ပြီးမှ ရာဂကိုပယ်နိုင်ရန် အသုဘဘာဝနာကို လည်းကောင်း၊  ဗျာပါဒကို  ပယ်နိုင်ရန် မေတ္တာဘာဝနာကို လည်းကောင်း၊ ဝိတက်ကို ဖြတ်နိုင်ရန် အာနာပါနသတိကို လည်းကောင်း၊ “ငါ” ဟူသော မာနကိုပယ်နိုင်ရန် အနိစ္စသညာကို လည်းကောင်း ပွားများရာ၏။ အနိစ္စသညာ တင်လာ သောသူအား အနတ္တသညာ ထင်လာသည်။ အနတ္တသညာ ထင်လာသောသူအား “ငါ” ဟူသောမာနကို ဖယ်ခွာနိုင်၍ ယခုဘဝ၌ နိဗ္ဗာန်ရောက်နိုင်ကြောင်းကို ဘုရားရှင်က ဟောကြားလေသည်။

ဘုရားရှင်သည် ချစ်သားမေဃိယအား ဆိုင်းငံ့ဦးလော့၊ တောင်းပန်သည်ကို ငါဘုရားကို တစ်ပါး တည်းထားခဲ့၍ သွားခဲ့သူသည် ဝန်လေးသောအမှုကို ပြုမိခြင်းဖြစ်သည်။ ရဟန်းတို့မည်သည် ဤသို့ စိတ်အလိုသို့ မလိုက်သင့်ချေ။ လျင်မြန်သွက်လက် ပေါ့ပါးသည်။ ဤသို့စိတ်ကို မိမိအလိုသို့ လိုက်စေ သင့်သည် စသည်ဖြင့် များစွာသောတရားတို့ကို ဟောကြားသည်။ အရှင်မေဃိယလည်း သောတာပန်ဖြစ်သွားလေသည်။

သာဝတ္ထိပြည်၌ စုဒ္ဒသမ - ၁၄ ဝါကပ်ခြင်း အရှင်ရာဟုလာအား ရဟန်းဝတ်၍ ရဟန္တာဖြစ်စေ ရန် ဘုရားရှင်က တရားဟောခြင်း 

မေဃိယသုတ္တန် စသော တရားဒေသနာတို့ကို ချေချွတ်ထိုက်သူ သတ္တဝါတို့အား တရားများ ဟောကြားပြီးနောက် ဘုရားရှင်သည် ဝါကျွတ်သောအခါ သာဝတ္ထိပြည်သို့ စာလိယတောင်မှ ဒေသစာရီ ကြွချီတော်မူသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်သို့ ရောက်သောအခါ စုဒ္ဒသမ တစ်ဆယ့်လေးဝါ မြောက် ဝါကပ်တော်မူလေသည်။ 

ယင်းအချိန်၌ သားတော် ရာဟုလာသည် အသက် (၂၀) ပြည့်ပြီဖြစ်၍ ရဟန်းဝတ်လေသည်။ ရဟန်းဖြစ်စ ဝါအနည်းငယ်မျှသော အချိန်ဖြစ်ပါသည်။  ဘုရားရှင်တို့  အလေ့အထအတိုင်း တစ်နေ့သော မိုးသောက်ယံ၌ ဤသတ္တလောကကြီး တွင် ချေချွတ်ထိုက်သူကို ကြည့်သောအခါ ရာဟုလာသည် ဝိပဿနာဉာဏ်ရင့်သန်သူ ဖြစ်လေသည်။ သို့ဖြစ်၍ သူ့အားချေချွတ်၍ အရဟတ္တဖိုလ်သို့ ရောက်အောင် ဆုံးမတော်မူပါက ကောင်းလေစွဟု ဘုရားရှင်က အကြံဖြစ်တော်မူသည်။ 

ဘုရားရှင်သည် ထိုနေ့ ဆွမ်းကိစ္စပြီးသောအခါ အရှင်ရာဟုလာအား နေရာထိုင်ခင်းများ ယူလာ၍ နေသန့်ရန် အန္ဓဝနမည်သော တောအုပ်သို့ သွားကြစို့ဟူ၍ မိန့်မှာလေသည်။ ရာဟုလာကလည်း ဘုရားရှင် မိန့်မှာသည့်အတိုင်း နေရာထိုင်ခင်းများယူ၍ ဘုရားရှင်နောက်မှ အစဉ်တစိုက် လိုက်လာလေသည်။ ယင်းတောသို့ ရောက်သောအခါ ဘုရားရှင်သည် ရာဟုလာ ခင်းပေးသောနေရာတွင် ထိုင်သည်။ ရာဟုလာကလည်း ဘုရားရှင်အား ရှိခိုး၍ ထိုင်တော်မူလေသည်။ 

(ဆက်လက်ဖော်ပြပါမည်)