ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည်အထိ (တေဇောဓာတ် လောင်ကျွမ်းခြင်း) စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                                                                                                          (စာတည်း)

 

ဆောင်းပါး - ဆရာကြည်

(၂၉-၅-၂၀၂၂ ရက်နေ့မှအဆက်)

ထိုပန်းရှစ်ဆုပ် ရှစ်စလယ်တို့သည် ဘုရားရှင် အား လေးဘက်လေးတန်ခြံရံလျက် မပြုတ်ကျဘဲ တွဲလွဲဆွဲလျက်တည်နေပြီး    ဘုရားရှင်နှင့်အတူ လိုက်ပါသွားလေသည်။ ဘုရားရှင်ကထွက်နေသော ရောင်ခြည်တော်သည် မပြတ်ထွက်၍ ရှေ့မှပြေးသွား လေသည်။ ဘုရားရှင်သည် ဤသို့ဖြင့်   ဆက်လက် ကြွလာတော်မူသည်။  ရာဇဂြိုဟ်ပြည်ကြီးတစ်ခုလုံး လည်း အုန်းအုန်းကျွက်ကျွက် ဖြစ်လေသည်။ မြို့သူ မြို့သားတို့သည် အိမ်မှထွက်၍ ဆွမ်းထွက်မလောင်း မည့်သူများ မရှိပေ။  အားလုံးဆွမ်းထွက်လောင်း ကြသည်။ လူအပေါင်းတို့သည် ကြွေးကြော်လျက်၊ ပုဆိုးခေါင်းပေါင်းတို့ကို  မြှောက်ခြင်း၊  ပစ်ခြင်းပြု လျက် ဘုရားရှေ့မှ သွားကြကုန်သည်။ 

ဘုရားရှင်ကလည်း  သုမန၏  ဂုဏ်ကျေးဇူးကို ထင်ရှားစေရန် မြို့တွင်းလမ်းအားလုံးကို လမ်းမကြီး အတိုင်းကြွတော်မူလေသည်။ သုမနသည်  ယင်းသို့ အဖြစ်ကိုတွေ့ရ၍  သူလှူဒါန်းမှုကို   ဝမ်းမြောက်  ရွှင်လန်းလျက် တစ်ကိုယ်လုံးပီတိဖြာ၍  ပျံ့နှံ့လေ သည်။ ဘုရားရှင်၏ ရောင်ခြည်တော်တွင်းသို့ဝင်၍ ချီးမွမ်းရှိခိုးပြီး တောင်းတွင် ပန်းများမရှိ ဗလာဖြင့် အိမ်သို့ ပြန်လာလေသည်။ ယင်းအကြောင်းကို ဇနီး မယားအားပြောပြရာ မယားက မိုက်မဲသူဖြစ်သဖြင့် သုမနအား ဆဲရေးပြောဆို၍ သားကိုခေါ်ပြီး မင်းကြီး ထံသို့ သွားလေသည်။ ၎င်းအမျိုးသမီးက သုမန အား ပြစ်တင်လျှောက်ထားပြီး သူ့သာအရေးယူပါ။ သူနှင့်၎င်းတို့မှာ  မဆိုင်၊       စွန့်ခဲ့ပြီဖြစ်ကြောင်း လျှောက်လေသည်။ 

မင်းကြီးသည်  ဤအမျိုးသမီးသည်   မိုက်မဲ ကြောင်း သိတော်မူသည်။ မင်းကြီးသည် သုမနအား ဒေါသထွက်ဟန်ဖြင့်  ထိုမိန်းမကို   လွှတ်လိုက်လေ သည်။ ဘုရားရှင်လည်း နန်းတော်သို့ဝင်လေသည်။ မင်းကြီးကလည်း ဘုရားထံမှသပိတ်များ လှမ်းယူ၍ နန်းတော်မဏ္ဍပ်၌ သံဃာတော်များနှင့် သီတင်းသုံး တော်မူစေသည်။  ထို့နောက်   ဆွမ်းခဲဖွယ်များကို ကပ်သည်။     ဘုရားရှင်သည်  ဆွမ်းခဲဖွယ်များကို ဘုဉ်းပေးပြီး  တရားအနုမောဒနာဟောကြားကာ ပန်းဆိုင်များနှင့်အတူ ပြန်ကြွလေသည်။ 

မင်းကြီးသည် ဘုရားရှင်အား   အစဉ်လိုက်၍ ပို့လိုက်ပြီး ပြန်လာသည်။  ထို့ပြင် မင်းကြီးသည် သုမနပန်းသည်အားခေါ်၍  ဆင်ရှစ်ကောင်၊   မြင်း ရှစ်ကောင်၊   ကျွန်မ ရှစ်ယောက်၊  ကျွန်ယောက်ျား ရှစ်ယောက်၊ တန်ဆာ ရှစ်ခု၊ သမီးကညာရှစ်ဦး၊ ရွာကြီး ရှစ်ရွာနှင့်    ငွေရှစ်ထောင်ဟူသော  ရှစ်မျိုးရှစ်လီ (သဗ္ဗဋ္ဌကမည်သော)    ဆုတော်လာဘ်တော်များ ပေးသနားတော်မူလေသည်။ 

ဘုရားရှင်သည် ကျောင်းတော်သို့ ဝင်သောအခါ ဂန္ဓကုဋိသို့ရောက်သော်   ထိုပန်းတို့သည်  တံခါးဝ၌ အလိုလိုကျကုန်သည်။ ထိုနေ့ညနေချမ်း၌ ရဟန်းတို့ သည် တရားပလ္လင်၌   အသက်ကိုစွန့်၍  ပန်းများ လှူသော သုမန၏ အလှူအကြောင်းနှင့်ပတ်သက်၍ မင်းကြီးက   ဆုတော်ရှစ်မျိုး   ပေးသနားသည်ကို တအံ့တသြ ပြောဆိုကြလေသည်။ ရဟန်းတို့ထံသို့ ဘုရားရှင်ကြွလာပြီး မေးလေသည်။ ဘုရားရှင်သည် ဤအကြောင်းနှင့်ပတ်သက်၍ “ဤသို့ ပြုကျင့်ခြင်း သည်  နောင်တတစ်ဖန်    စိုးရိမ်ပူပန်မှုမဖြစ်ပါ။ ယင်းသို့ အလှူကို သတိရတိုင်း ဝမ်းမြောက်ခြင်းသာ ဖြစ်စေသည်။ ဤသို့ ကုသိုလ်ကိုပြုအပ်ကြောင်း” စသည်ဖြင့် တရားဟောကြားတော်မူလေသည်။ 

ဇမ္ဗူကတက္ကတွန်းအား 
ဘုရားရှင်မှ ချွတ်တော်မူခြင်း 

ကဿပဘုရားရှင်လက်ထက်၌ ရဟန်းတစ်ပါး ရှိသည်။ ၎င်းသည် ဤကျောင်းသို့လာ၍နေသော ရဟန္တာတစ်ပါးကို မနာလိုဖြစ်သည်။ ကျောင်းတွင် မနာလိုဖြစ်၍ ထိုရဟန္တာအား ၎င်းမှ စကားမပြောပါ။ သူ၏ဒါယကာတစ်ဦးကလည်း  ရဟန္တာကို  အလွန် ကြည်ညိုသည်။  ထိုဒါယကာက   နောက်တစ်နေ့ ဆွမ်းဖိတ်ကျွေးကပ်တော်မူသည်။    ထို့အပြင် ၎င်းရဟန္တာမထေရ်ကို  ဆွမ်းကိုလည်း   ထည့်ပေး လိုက်ပါသည်။ ၎င်းသည် ရဟန္တာမထေရ်ကို မနာလို စိတ်ကြောင့်  ဆွမ်းကိုလည်း   လမ်းတွင်စွန့်ပစ်ခဲ့ သည်။ 
ဤသို့ မကောင်းမှုကံကြောင့်  ထိုရဟန်းသည် အဝီစိကဲ့သို့ သေလွန်သောအခါ၌ ကျနေသည်။ ထိုမှလွတ်သောအခါ ရာဇဂြိုဟ်ပြည်တွင်  သူကြွယ် မျိုး၌ ဖြစ်လေသည်။ သူသည် လမ်းကိုခြေဖြင့်သွား နိုင်သည့်အရွယ်မှစ၍ အိပ်ရာ၌မအိပ် မြေပေါ်၌သာ အိပ်သည်။ ထမင်းကိုမစားဘဲ ကိုယ်မှ အညစ်အကြေး များ  စားပြီးနေလေသည်။  ၎င်းသည် အရွယ်ကြီးလာ သောအခါ  အဝတ်မဝတ်လို  အဝတ်မပါဘဲနေလေ့ ရှိသည်။ 
မိဘများကလည်း ထိုသို့ ၎င်းအဝတ်မဝတ်ဘဲ နေသောကြောင့် အဝတ်မဝတ် အာဇီဝက တက္ကတွန်း များထံသို့ ရဟန်းပြုစေသည်။ ၎င်းသည် ထမင်းကို မစားဘဲ ကုဋီမှမစင်များကိုစားနေသည်ကို တက္ကတွန်း များကသိ၍   နှင်ထုတ်လိုက်လေသည်။  ၎င်းသည် လူအပေါင်းတို့ မစင်စွန့်ရာအရပ်သို့သွား၍ ညအခါ ယင်းမစင်များကို စားသည်။ နေ့အခါ၌ လူများက သူ့အား ကြည်ညိုအောင် အနီးရှိကျောက်ဖျာကြီးပေါ် တွင်   ခံတွင်းဖွင့်လျက် ခြေတစ်ဖက်ဖြင့်     ရပ်၍ နေသည်။ 

လူတို့ကတွေ့၍မေးသောအခါ    “၎င်းသည် လေကိုသာ စားသည်။ ခြေနှစ်ဖက်ချလျှင် မြေကြီးက သူ့ကိုမခံနိုင်ဘဲ တုန်လှုပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ နေရခြင်းဖြစ်ကြောင်း” ပြောလေသည်။

ဤသို့နေခြင်း၊  အိပ်ခြင်းမရှိ၊   နေ့ရောညပါ နေကြောင်း ပြောလေသည်။ ၎င်းသည် မြေခွေး (ဇမ္ဗူက) ယုတ်သောအကျင့်ကို ကျင့်သောကြောင့် ဇမ္ဗူကဟူ၍ အမည်တွင်လေသည်။ ဤသို့ကျင့်သည် ကို မြင်ကြသော အင်္ဂတိုင်း၊ မဂဓတိုင်းတို့မှ လူများ သည် အံ့သြ၍ ကြည်ညိုကြသဖြင့် လစဉ်လတိုင်း ဆွမ်းခဲဖွယ်လှူဖွယ်ဝတ္ထုတို့ဖြင့် လာရောက်ကန်တော့ ပူဇော်ကြသည်။ ထိုသို့ လှူဖွယ်ဝတ္ထုများ လှူဒါန်းလာ ကြသောအခါ၌   အာဇီဝက (ဇမ္ဗူက)သည်   လေမှ တစ်ပါး အခြားဘာမျှမစားဟု ပြောလေသည်။ လူများ က အဖန်တလဲလဲ  လှူဒါန်းသည်။   သုံးဆောင်ရန် ပြောကြသောအခါ ၎င်းသည် ၎င်းတို့လှူဒါန်းသည့် ထောပတ်၊ တင်လဲတို့ကို  သမန်းမြက်ဖျားဖြင့် လျှာ ဖျား၌တင်၍ ၎င်းပြည်သူပြည်သားများကို ပြန်၍ သွားကြလော့ဟု ပြောဆိုလေသည်။ 

ဤသို့အားဖြင့် ကျင့်ကြံအားထုတ်သည်။ ၅၅ နှစ်ပတ်လုံး ကျင့်ကြံခဲ့ပါသည်။ ထိုသို့ လုပ်နေစဉ် ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေစဉ်ကာလဖြစ်သည်။ ဘုရားရှင်သည် သမန္တစက္ခု (ဗုဒ္ဓစက္ခု) ဖြင့် လောကကိုကြည့်သော် ချွတ်ထိုက် ကျွတ်ထိုက်သူသည် ဇမ္ဗူကတက္ကတွန်းဖြစ်သည်ကို မြင်လေသည်။ ဘုရားရှင်သည် ဆင်ခြင်ကြည့်သော အခါ ဇမ္ဗူကတက္ကတွန်းသည်  ရဟန္တာဖြစ်လတ္တံ့။ “လူအပေါင်းတို့ကို တစ်ဂါထာဖြင့် ၎င်းဟောသော တရားနာရလျှင်      အကျွတ်တရားရပေအံ့” ဟု မြင်တော်မူသည်။ 
ဘုရားရှင်သည်  ရာဇဂြိုဟ်မြို့ထဲသို့    ဆွမ်းခံ ကြွတော်မူပြီးနောက် ညနေစောင်းအခါတွင် ထိုဇမ္ဗူက အာဇီဝကတက္ကတွန်းနေရာသို့ သွားသည်။  နတ်များ ကလည်း ဘုရားကြွလာမည်ကိုသိ၍  ၎င်းနေသော နေရာကို မိုးရွာသွန်းစေပြီး ကျင်ကြီးကျင်ငယ်များကို သန့်ရှင်းအောင် ဆေးကြော၍ ပန်းမိုးများကို ရွာစေ လေသည်။   သန့်ပြန့်အောင်    ကြိုတင်ပြင်ထား လေသည်။ 
ဘုရားရှင်သည်   ညနေဆည်းဆာ၌   တစ်ပါး တည်းကြွလာ၍ ဇမ္ဗူကအား ဤနေရာ၌ တစ်ညမျှ နေခွင့်ပြုရန်  ခွင့်တောင်းခံသည်။  ကြိမ်ဖန်များစွာ တောင်းခံရသည်။     ဖျောင်းဖျပြောသောကြောင့် နေခွင့်ရသောအခါ   မနီးမဝေးတောင်ချိုင့်ဝှမ်း၌ နေလေသည်။ 

ဤသို့ဘုရားရှင်    သီတင်းသုံးနေထိုင်သော ကြောင့် စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် ညဉ့်ဦးယံ၌လည်းကောင်း၊     သိကြားမင်းသည် သန်းခေါင်ယံ၌လည်းကောင်း၊  မဟာဗြဟ္မာမင်းကြီး တို့သည်  ပစ္ဆိယံ၌လည်းကောင်းလာ၍   ဖူးမြော် ကန်တော့ကြပါသည်။    ၎င်းတို့လာသောအခါ တစ်တောလုံးသည်    အလင်းရောင်ပေါ်ထွက် လင်းနေလေသည်။ ဇမ္ဗူကသည် ၎င်းတို့လာတိုင်း အလင်းရောင်လင်းသည်ကို မြင်ရလေသည်။ နံနက် မိုးလင်းသောအခါ  ဇမ္ဗူကက   ဘုရားရှင်ထံသို့ ချဉ်းကပ်သွားပြီး  အလာပသလ္လာပစကားပြောသည်။ ထို့အပြင် တစ်ကြိမ်စီလာကြသော    ပုဂ္ဂိုလ်များ အကြောင်းကို ၎င်းက  ဘုရားရှင်အား  မေးသည်။ ထို့အပြင် ၎င်းက ဘုရားရှင်အား ယခုကဲ့သို့ လာကြ သော ပုဂ္ဂိုလ်များထက် သင်က မြတ်သလောဟု မေးသည်။ ဘုရားရှင်ကလည်းမြတ်ကြောင်း၊ ၎င်း တို့သည် ဘုရားအား အလုပ်အကျွေးပြုကုန်လာကြ သည်။ ဘုရားရှင်က  ကပ္ပိယတပည့်သာမဏေနှင့် တူကြောင်း ပြောလေသည်။ 

ဇမ္ဗူကသည် သူသည် ၅၅ နှစ် ကာလပတ်လုံး ဤသို့ကျင့်ရာ  တစ်ဦးတစ်ယောက်မျှ   မလာပါ။ ဘုရားရှင်အား ယခုကဲ့သို့လာသည်။ အံ့သြကြောင်း ပြောသည်။ ဘုရားရှင်က ၎င်းသည် မိုက်မဲသော ပြည်သူပြည်သားများကို    လှည့်စား၍လေးစား ကြောင်း၊   ယခု၌သင်သည်    ငါ့အားလှည့်ဖြား ပြောဆိုလာသည်။    အမှန်မှာ မစင်ကိုစားသည်။ မြေပေါ်အိပ်သည်စသည်ဖြင့် သူကျင့်သော အကျင့် ကို ဘုရားရှင်က ပြောလိုက်ပါသည်။ ထို့နောက် ၎င်းအား ရှေးဘဝအတိတ်အကြောင်းကို ဘုရားရှင် က ပြောလိုက်ပါသည်။  ထို့နောက်    ယခုကဲ့သို့ ရှေးအတိတ်ကံဖြစ်ကြောင်း   မစင်ကိုစားလျက်၊ အဝတ်ဗလာနတ္ထိ မြေမှာအိပ်ရကြောင်း ရှင်းလင်း ဟောပြလေသည်။ 

ထိုအခါ၌ ဇမ္ဗူကသည် ရှက်လာသည်။ ဘုရားရှင် ပေးသော  ရေသနုပ်ကိုဝတ်ပြီး ဘုရားရှင်အား ရှိခိုး ကန်တော့လေသည်။    ဘုရားရှင်ဟောကြားသည့် တရားကို နာပြီးနောက် ရဟန္တာဖြစ်သွားလေသည်။ နောက်ဘုရားရှင်က ဧဟိဘိက္ခုခေါ်၍ ရဟန်းအသွင် ရောက်သွားပါသည်။ ထို့နောက်  သူ့အားကြည်ညို လေးစားသော အင်္ဂတိုင်း၊ မဂဓတိုင်းသားတို့သည် ဤအဖြစ်ကိုမြင်လျှင်   သူတို့သံသယဖြစ်သည်။ အရှင်သခင်ဇမ္ဗူကလည်း  တန်ခိုးကြီး၍   ရဟန်း ဂေါတမကြောင့် ထင်ကြပါသည်။ ထိုအခါ ဇမ္ဗူက အား    သင့်ပရိသတ်၏  သံသယကိုဖျောက်ရန် သင်လုပ်ပေတော့ဟု  ဘုရားရှင်က   ပြောလိုက်ပါ သည်။ ဇမ္ဗူကလည်း ဈာန်တို့ဖြင့် ကောင်းကင်သို့ ပျံတက်ပြီးဆင်း၍ ဘုရားရှင်၏ ခြေတော်ရင်းတွင် ကန်တော့ကာ  ဘုရားရှင်၏   တပည့်ဖြစ်ကြောင်း ခုနစ်ကြိမ် လုပ်ပြလေသည်။ 

ဤအဖြစ်အပျက်ကို   ပြည်သူပြည်သားများ မြင်သော်ဘုရားရှင်သည် အံ့သြဖွယ်ရှိကြောင်း မနှိုင်း ယှဉ်အပ်သော ဂုဏ်တော်များရှိကြောင်း   ပြည့်စုံ ပေသည်ဟု     မှတ်ယူကြသည်။    သူတို့၏သံသယ ကင်းရှင်းသွားလေသည်။ 
ဘုရားရှင်က ပြည်သူပြည်သား လူအများအား သင်၏ဆရာဇမ္ဗူက ကျင့်ခဲ့သည့် ခြိုးခြံသောအကျင့် သည် ယခုသူကျင့်သောအကျင့်သိက္ခာ၏  တစ်ဆယ့် ခြောက်စိပ်၏ တစ်စိတ်ဝက်တောင် မမီကြောင်း ဟောကြားလေသည်။ ၎င်းတို့သည် ဘုရားရှင်အား ကြည်ညိုသဒ္ဓါတရားပွား၍  သရဏဂုံ၌   တည်ကြ လေသည်။        ။