ဆရာကြည်
(၁၉-၈-၂၀၂၄ ရက်နေ့မှအဆက်)
ဘုရားရှင်သည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွ၍ ဆွမ်းကိစ္စပြီးသောအခါ ကိုယ်တော်တစ်ပါးတည်းသာ ဇာလီနီမည်သော တောအုပ်တွင်ရှိသည့် အင်္ဂုလိမာလဆီသို့ ကြွသွားလေသည်။ တောအနီးသို့ရောက်လျှင် သားထံသို့သွားနေသော မန္တာနီပုဏ္ဏေးမနှင့် အင်္ဂုလိမာလအကြားသို့သွား၍ စင်္ကြံကြွတော်မူလေသည်။ အင်္ဂုလိမာလသည် မထင်မရှားဖြင့်လာသော ဘုရားရှင်အားမြင်လျှင် “ဤရဟန်းအား သတ်တော့အံ့” ဟုကြံလျက် တောအုပ်အတွင်း၌ ပုံးကွယ်ရာမှ လျင်မြန်စွာထ၍ ပြေးလာလေသည်။
ဘုရားရှင်သည် အင်္ဂုလိမာလမမီနိုင်ရန် တန်ခိုးဖြင့် ထက်ဝန်းကျင်မြေအရပ်ကို လှိုင်းတံပိုးကဲ့သို့ နိမ့်တုံမြင့်တုံ ခိုးလိုးခုလုဖြစ်စေပြီး ကိုယ်တော်မြတ်မူကား ညီညာသော မြေပြင်အလယ်၌ သပ္ပာယ်စွာ ကြွနေတော်မူသည်။ အင်္ဂုလိမာလသည် မြေပြင်သို့ရောက်လျှင် “ငါ့လိုလူကို ဘယ်လိုလူခံနိုင်မလဲ”ဟု ကြုံးဝါးလေသည်။ ဘုရားရှင်နောက်သို့လိုက်၍ လက်ယာကိုဖြတ်ရန်ကြံသည်။ လက်ပမ်းပေါက်ခတ်၍ အားသွန်ကာ တစ်ဟုန်တည်း ပြေးလိုက်လေသည်။ အတန်ငယ် နီးလာလျှင်လည်း ဘုရားရှင်နားသို့ ကပ်၍မရပါ။
ဤနည်းဖြင့် အင်္ဂုလိမာလသည် သုံးယူဇနာခရီးမျှ ပြေးလိုက်ရလျှင် အလွန်ပင်ပန်းစွာဖြင့် ချွေးဒီးဒီးကျ၍ ခံတွင်းမှ တံတွေးများ ခန်းခြောက်ကုန်သည်။ ထိုအခါ၌ သူသည် “ရှေးက ငါလိုက်လျှင် သမင်၊ ဒရယ်၊ ယုန်၊ ကြောင်တို့မှ ပြေးမလွတ်ပါ။ ယခု၌မူ ဤရဟန်းကြီးကို ငါမမီအံ့ဖွယ်ရှိပေစွ”ဟု စဉ်းစားမိလေပြီး ဘုရားရှင်အား ရပ်ခိုင်းသည်။ ဘုရားရှင်က “ငါကား ရပ်၏ သင်ကား မရပ်သတည်း”ဟူ၍ မိန့်တော်မူသည်။ ဤမျှ မရပ်မနားသွားနေပါလျက် မရပ်ဟုဆိုသနည်း။ သင်လိမ်ညာပြောသည်။ အင်္ဂုလိမာလက ဘုရားရှင်အား စွပ်စွဲပြောဆိုလေသည်။
ဘုရားရှင်က “အသင် အင်္ဂုလိမာလ ငါသည် ဒုစရိုက်ကို ပယ်သည်၊ ရှောင်ကြဉ်သည်၊ အပါယ်လားခြင်း ငါ၌မရှိ၊ သုဂတိ၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်သို့ ဦးတည်သည်။ သင်ကား သတ္တဝါတို့ကို မသနားဘဲ ဒုစရိုက်အလုပ်ကို လုပ်သည်၊ ကျင့်သည် အပါယ်လေးပါးသို့ သွားရမည့်သူသာဖြစ်သည်။ ရပ်နားခြင်းမရှိ၊ သွားနေသည်၊ ငါကားရပ်၏ သင်ကားမရပ်ဟု ငါဆိုသည်”ဟု မိန့်တော်မူသည်။
ဤသို့ ဘုရားရှင်၏စကားကို ကြားသောအခါ အင်္ဂုလိမာလသည် အနှစ်သာရရှိ၍ အသက်ထက်ဆုံး အောက်မေ့ထိုက်သည့် ဤသို့သောစကားကို ဆိုသောသူသည် လူသာမန်မဟုတ်။ သုဒ္ဓေါဓနမင်း၏ သား “ဘုရား”ဟူသော ပုဂ္ဂိုလ်သာဖြစ်မည်။ ကာလကြာမြင့်စွာ ငါဒုစရိုက်များလုပ်နေသည်ဖြစ်၍ သနားသဖြင့် ဤမြိုင်တောသို့ လာရောက်သော ဘုရားရှင်သာဖြစ်ကြောင်း မှတ်ယူလေသည်။
၎င်းသည် ဘုရားရှင်အား အလွန်ကြည်ညို လေးစားသွားလေသည်။ ဝမ်းသာပီတိငါးဖြာကိုယ်၌ဖြစ်၍ ရိုသေကျိုးနွံစွာ ဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်တွားရှိခိုးချလေသည်။ ထို့နောက် အင်္ဂုလိမာလသည် ဘုရားရှင်အား “မြတ်စွာဘုရား အရှင်ဘုရားက တပည့်တော်အား သနားချီးမြှောက်တော်မူပါ။ ယုတ်မာသော အကျင့်မှန်သမျှကို ပယ်ချတော်မူပါ” ဟု လျှောက်ထား၍ လည်၌ဆွဲထားသော လက်ညှိုး တစ်ထောင်ကိုလည်းကောင်း၊ လက်နက်ငါးပါးကို လည်းကောင်း အိုင်ကြီးထဲသို့ ပစ်ချလိုက်လေသည်။
ဘုရားရှင်သည် အင်္ဂုလိမာလအား အထူးထူးသောတရားများကို ဟောကြားပြီးနောက် မဂ်သို့ သက်ရောက်သောဉာဏ် (မဂ္ဂါနုလောမဉာဏ်) ဖြစ်ပြီ ဟု သိတော်မူလျှင် “ဧဟိဘိက္ခု စရ ဗြဟ္မစရိယံ သမ္မာဒုက္ခဿ အန္တကိရိယာယ”ဟု သုံးကြိမ်ခေါ်တော်မူသောကြောင့် ၎င်းသည် ဆံမုတ်ဆိတ်စသည့် လူ့အသွင်များပျောက်၍ သင်္ကန်းပရိက္ခရာအစုံနှင့်တကွ ခိပ္ပါဘိည ရဟန္တာမထေရ်အဖြစ်သို့ ရောက်သွား လေသည်။
ဘုရားရှင်သည် အင်္ဂုလိမာလအား ကိုယ်တော်၏ သပိတ်ပရိက္ခရာတို့ကိုလွယ်စေပြီး နောက်တော်ပါးမှ ခေါ်၍ သာဝတ္ထိ ပြည်သူတို့အား ထင်ရှားစွာသိစေလိုသောကြောင့် မြို့အနီး ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူလေသည်။
ကောသလမင်းကြီးသည် ၎င်းသတင်းကို ကြားသောအခါ၌ အခြံအရံများဖြင့် ကျောင်းတော်သို့သွား၍ ဘုရားရှင်အား အကျိုးအကြောင်းကို မေးလျှောက်လေသည်။ ထိုအချိန်၌ အင်္ဂုလိမာလသည် ဘုရားရှင်အားဝတ်ပြုရန် ထွက်လာသောအခါ မင်းမှူးမတ်တို့သည် ၎င်းကိုမြင်၍ ရုတ်ရုတ်ရက်ရက် ထပြေးကြလေသည်။
မင်းကြီးသည် ကြောက်ရွံ့သော်လည်း ရာဇဣန္ဒြေကိုထိန်း၍ ဟန်လုပ်နေရသည်။ မင်းကြီးက ဘုရားရှင်ထံ လျှောက်ထားလေသည်။ “မြတ်စွာဘုရား လူတစ်ထောင်လောက်သတ်သောသူကို ရဟန်းဝတ်ပေးရန် မသင့်တော်ပါ။ တပည့်တော်စီရင်ပါမည်”ဟု လျှောက်ထားသည်။
ဘုရားရှင်က “အသင်မင်းကြီး ဤသူကို သင်မစီရင်ထိုက်ပါ။ ဤသူသည် သူ၏ကံရင်းသည် အကြွင်းမဲ့ ပြတ်၍ ရဟန္တာအဖြစ်သို့ ရောက်လေပြီ”ဟု ဟောကြားတော်မူသည်။ အထူးထူးသော တရားတို့ကိုဟောပြလေသည်။ မင်းကြီးလည်း ချီးမွမ်း အံ့သြ၍ ပြန်ခဲ့လေသည်။
အင်္ဂုလိမာလသည် နောက်တစ်နေ့နံနက်၌ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူသည်။ မြို့သူ မြို့သားများက ဤသူ ငါတို့အဘကို သတ်သည်။ ငါတို့၏သားကိုသတ်သည် စသည်ဖြင့်ပြောဆိုလျက် အချို့က အိမ်တံခါးဝကို ပိတ်ထား၏။ အချို့က ရှောင်ရှား ပြေးကြလေသည်။ အချို့က အုတ်၊ ခဲ၊ လှံတံတို့ဖြင့် ပစ်ပေါက်ကြကုန်၏။ သူတို့ မလှူသဖြင့် ၎င်းသည် ဆွမ်းလုံးဝမရချေ။
ဤသို့ဖြင့် ကျောင်းသို့ ပြန်လာရသည်။ ရဟန်းတို့က မျှပေးကြသော ဆွမ်းဖြင့်မျှတရသည်။ ထိုအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ အင်္ဂုလိမာလကိုခေါ်၍ “ချစ်သား အင်္ဂုလိမာလ ပြည်သူတို့ကခဲများဖြင့် ပစ်ပေါက်၊ ရှောင်ပြေး၊ နာကြည်းကြခြင်း၊ ဆွမ်းတစ်ဇွန်းမျှမရခြင်း၊ မလှူဒါန်းကြခြင်း၏အကျိုးသည် သင်လူတစ်ထောင် လောက်ကို သတ်ခြင်းမကောင်းမှုဒုစရိုက်ကြောင့် ဒိဋ္ဌဓမ္မအကျိုးဆက်ဖြစ်ကြောင်းတည်း”ဟု တရားများကို ဘုရားရှင်က ဟောကြားလေသည်။
ထို့ကြောင့် ဘုရားရှင်က အသက်မွေးရလွယ်ကူစေရန် ပရိတ်တရားတစ်ခုကို သင်ကြားပေးတော်မူသည်။ အင်္ဂုလိမာလသည် ထိုပရိတ်တည်းဟူသော ဆေးဖြင့် လွယ်ကူစွာမီးမဖွားနိုင်ကြသော အမျိုးသမီးတို့အား ဤပရိတ်တော်ကိုဟော၍ ချမ်းသာစွာမီးဖွားစေသည်။ ထိုအခါမှ ဒါယကာ ဒါယိကာမတို့သည် “အရှင်အင်္ဂုလိမာလသည် တန်ခိုးကြီးပေစွ”ဟု ကြည်ညိုလေးစားလာကြပြီး လှူဒါန်းကြလေသည်။
(အင်္ဂုလိမာလသည် ရဟန္တာဖြစ်သည့် ခဏပင် ကုသိုလ် အကုသိုလ်တို့သည် ပယ်သတ်ကုန်ပျောက်သွားသည် ဖြစ်သည်။ ဒိဋ္ဌဓမ္မ အကုသိုလ်အကျိုးပေးလည်း ကင်းပျောက်သွားလေသည်။ ၎င်း၏အကျိုးမျှသာ ကြွင်းကျန်လေသည်။ ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် နောက်ဘဝဖြစ်စေမည့် အကျိုးပေးမည့် ကုသိုလ်၊ အကုသိုလ်ဟူသမျှတို့ကို အရဟတ္တ ဖိုလ်ဖြင့် ပယ်ဖျောက်ပြီးဖြစ်လေသည်။)
ဘုရားရှင်ကို အလွန်ကြည်ညိုသော အရှင်ဝက္ကလိ
သာဝတ္ထိပြည်၌ ဝေဒကျမ်းတတ်ပုဏ္ဏားတစ်ဦးရှိသည်။ ၎င်း၏အမည်မှာ ဝက္ကလိမည်၏။ တစ်နေ့သ၌ ဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွတော်မူလေသည်။
ထိုသို့ဆွမ်းခံကြွလာသော ဘုရားရှင်အား ဝက္ကလိပုဏ္ဏား မြင်သောအခါ အံ့မခန်းတင့်တယ် လှပသော ရူပကာယ အသားရေကို ကြည့်ရှု၍ အားမရမတင်းတိမ်နိုင်ရကား ဘုရားရှင်သွားရာသို့ တကောက်ကောက် လိုက်နေလေသည်။ ဘုရားရှင် တရားဟောသည့်အခါ၌လည်း ရှေ့တည့်တည့်က ထိုင်နေလေသည်။ ဘုရားရှင်၏ ရူပကာယ အမြဲမပြတ်သာ ကြည့်ရှု၍ သဘောကျနေလေသည်။ ထို့နောက် ဘုရားရှင်ကို မမြင်ရမှာစိုး၍ “ငါသည် လူ့ဘောင်တွင်နေပါက ဘုရားရှင်ကို ကြည့်ရှုဖူးမြော်ရခြင်းမရ၊ သာသနာ့ဘောင်ဝင်၍ ရဟန်းဝတ်မှ အမြဲမြင်ရမည်” ဟု စိတ်တွင်ကြံသည်။ ထို့ကြောင့် ဘုရားရှင်အား ခွင့်ပြုချက်တောင်းခံ၍ ရဟန်းဝတ်လေသည်။
ရှင်ဝက္ကလိသည် ရဟန်းပြုသည့်အချိန်မှစ၍ ဆွမ်းဘုဉ်းပေးချိန်မှတစ်ပါး ကျန်အချိန်များတွင် စာပေသင်ကြားခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်း အလျင်းမပြုဘဲ ဘုရားရှင်ကို ဖူးမြော်မြင်လောက်သောနေရာ၌သာ နေတော်မူလေသည်။ ဘုရားရှင်လည်း အရှင်ဝက္ကလိ၏ ဉာဏ်ပညာရင့်သည့်အချိန်ကိုသာ စောင့်၍ တစ်စုံတစ်ရာမျှမဆိုဘဲ နေတော်မူလေသည်။
ဘုရားရှင်သည် အရှင်ဝက္ကလိအား ၎င်းဉာဏ်ရင့်ကျက်ချိန် ရောက်သောအခါ “ချစ်သားဝက္ကလိ ဤအပုပ်ကောင် ရုပ်ဆောင်နေသော ကိုယ်ခန္ဓာကြီးကို ကြည့်ရှုခြင်းဖြင့် သင့်အတွက် အကျိုးမရှိပါတကား။ စင်စစ် တရားကို မြင်သောသူသည် ငါဘုရားကို မြင်သည်၊ တရားကို ရှုကြည့်သောသူမှသာ ငါဘုရားကို ကြည့်ရှုသူမည်၏။ တရားကို မမြင်သောသူသည် ငါဘုရားကို ဖူးမြင်ရသည်မမည်” ဟူ၍ မိန့်တော်မူသည်။ ဘုရားရှင်သည် သူ၏ရုပ်ကို အပုပ်ကောင်ဆိုပြီး အရှင်ဝက္ကလိ တရားအားထုတ်စေရန် မိန့်ကြားဆုံးမခြင်းဖြစ်ပါသည်။ သို့သော်လည်း အရှင်ဝက္ကလိသည် ဘုရားရှင်ကို ဖူးမြင်နိုင်သော နေရာမှစွန့်ခွာ၍ ဘယ်အရပ်ကိုမျှ မသွားနိုင်ဘဲ ရှိပါသည်။
ဘုရားရှင်သည် ဤဝက္ကလိရဟန်းသည် ထိတ်လန့်သော သံဝေဂကိုမရလျှင် သစ္စာလေးပါးကို သိမြင်မည် မဟုတ်ချေဟု ဆင်ခြင်တော်မူကာ ဝါဆိုလနီးကပ်လာသော် ရာဇဂြိုဟ်၌ ဝါကပ်သောနေ့တွင် ဝက္ကလိအား ဖယ်သွားလော့ဟူ၍ နှင်ထုတ်လေသည်။ ဤသို့ဘုရားရှင်ဆိုလာလျှင် လွန်ဆန်ဝံ့သူမရှိ၍ အရှင်ဝက္ကလိသည် “ငါ့ကို ဘုရားရှင်နှင်ထုတ်လေပြီ။ ဘုရားရှင်နှင့်ငါ မျက်နှာချင်းဆိုင်ခွင့်မရှိလျှင်၊ ငါသည် ဘုရားရှင်နှင့် နေခွင့်မရလျှင် ငါ့အတွက် အဘယ်အကျိုးရှိအံ့နည်း သေဖို့သာရှိတော့သည်”ဟူ၍ ဖြစ်နေလေသည်။
ဘုရားရှင်သည် အရှင်ဝက္ကလိ ပင်ပန်းနွမ်းလျသောစိတ်ဖြစ်၍ အားငယ်နေသည်ကို သိတော်မူ၍ “ဝက္ကလိသည် ငါဘုရားထံမှ သက်သာခွင့်မရလျှင် မဂ်ဖိုရမည့် အခွင့်အရေးဆုံးရှုံးတော့မည်”ဟု ဆင်ခြင်တော်မူလေသည်။
ဝက္ကလိသည် ဘုရားရှင်၏ နှင်ထုတ်ခြင်းခံရ၍ တောင်ထိပ်မှခုန်ချကာ သေအံ့ကြံပြီး ဂိဇ္ဈကုဋ်တောင်ပေါ် ချောက်ကမ်းပါး ပေါများရာအရပ်သို့ တက်ရောက်လေသည်။ ဘုရားရှင်သည် ဝက္ကလိထံသို့ ရောင်ခြည်တော်လွှတ်၍ ကိုယ်တော်မြတ်ကို အထင်အရှား ပြတော်မူလေသည်။
အရှင်ဝက္ကလိသည် ဘုရားရှင်၏ ရောင်ခြည်တော်ကို ဖူးမြင်လိုက်လျှင်ပင် သူ၏ပူဆွေးသောကဟူသမျှ ကင်းရှင်းသွားလေသည်။ ယင်းသို့ အရှင်ဝက္ကလိ စိတ်သန္တာန်၌ အားကြီးသော နှစ်သက်မှု၊ ဝမ်းမြောက်မှု၊ ပီတိသောမနဿ ဖြစ်ပေါ်နေလေသည်။ ထိုအခါ ဘုရားရှင်က “ချစ်သားဝက္ကလိ ဝမ်းမြောက်ခြင်း ပါမောဇ္ဇတရား ပေါများလှသော ရဟန်းသည် သုံးပါးသိက္ခာ ငါဘုရားသာသနာ၌ လွန်စွာကြည်ညို မြတ်နိုးလာလျှင် သင်္ခါရခပ်သိမ်းတို့ ချုပ်ငြိမ်းရာ အေးငြိမ်းချမ်းသာသော နိဗ္ဗာန်သို့ ရောက်ရှိနိုင်ပေသည်”ဟူ၍ ဂါထာဖြင့် တရားတော်ကို ဟောကြားလေသည်။
ဆက်လက်ဖော်ပြပါမည်