ဆရာကြည်
(၁၇-၁၀-၂၀၂၄ ရက်နေ့မှအဆက်)
တစ်နေ့သောအခါ ယင်းမိစ္ဆာအယူရှိသော သားအဖ နှစ်ယောက်သည် လှည်းဖြင့် တောသို့ ထင်းခုတ်သွားကြပါသည်။ ၎င်းတို့သည် ပြန်လာသောအခါ မြို့ပြင်သုသာန်အနီး၌ နွားများဖြုတ်၍ ထမင်းစားကြပါသည်။ နွားများသည် မြို့ထဲသို့ဝင်သွား၍ ဖခင် ဖြစ်သူ မြို့ဝင်ပြီး နွားကို ဖမ်းယူပြန်လာသောအခါ၌ မိုးချုပ်၍ မြို့တံခါးပိတ်ထားသောကြောင့် အပြင်ထွက်၍မရသဖြင့် ၎င်း၏သားငယ်သည် တစ်ယောက်တည်း လှည်းအောက်၌ အိပ်နေလေသည်။
ဤအချိန်တွင် ရာဇဂြိုဟ်ပြည်သည် ဘီလူးများပေါသည်။ ညဘက်ရောက်သောအခါ သမ္မာဘီလူး နှင့် မိစ္ဆာဘီလူးတို့သည် ဤကလေးရှိရာသို့ ရောက်လာကြပါသည်။ သမ္မာဘီလူးက တားပါ လျက် မိစ္ဆာဘီလူးသည် ကလေး၏ ခြေထောက် နှစ်ချောင်းကို ဆွဲလိုက်ပါသည်။ ဤသူငယ်ကလေးက သူကျင့်ထားသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း “နမော ဗုဒ္ဓဿ”ဟု ရွတ်ဆိုလိုက်လေသည်။
ဤသို့ရွတ်လိုက်သောအခါ ဘီလူးသည် ကြောက်လန့်၍ နောက်ဆုတ်သွားလေသည်။ ထို့နောက် သမ္မာဘီလူးက ငါတို့မပြုထိုက်သည်ကို ပြုမိသည့်အတွက် ဒဏ်ခံရမည်ဆိုပြီး “နမောဗုဒ္ဓဿ” ရွတ်သောလူငယ်ကို စောင့်ရှောက်ကာနေလေသည်။ မိစ္ဆာဘီလူးက ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်ကို ခိုးယူလာပြီး ဘီလူးနှစ်ဦးသည် သူငယ်ကိုနှိုး၍ မိဘ သဖွယ်ကျွေးမွေးလေသည်။ တန်ခိုးဖြင့် မင်းကြီးသာ မြင်နိုင်အောင် ပွဲတော်အုပ်တွင် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အက္ခရာတို့ဖြင့် ရေးထားလေသည်။
နောက်တစ်နေ့နံနက်တွင် ပွဲတော်အုပ်ပျောက်၍ အနှံ့လိုက်ရှာကာ မြို့ပြင်၌ ထင်းပုံကြားတွင် တွေ့ရပြီး ထိုနေရာ၌ အိပ်နေသောသူငယ်ကို ဖမ်း၍ခေါ် သွားလေသည်။
သူငယ်ကို ခေါ်လာပြီး မင်းကြီးသည် သူ့ထံအပ်သောအခါ ပွဲတော်အုပ်၌ ရေးထားသော အက္ခရာကို တွေ့သဖြင့် သူငယ်အားမေးသည်။ သူငယ်ကလည်း သူတွေ့ကြုံသမျှ ဖြေလိုက်သည်။ ထိုအခါ မင်းကြီးသည် သူငယ်၏ မိဘများအားခေါ်၍ ၎င်းတို့ သုံးဦးကို ဦးတည်၍ ဘုရားထံသို့ခေါ်ရာ ဘုရားရှင်အား လျှောက်ထားလေသည်။ “မြတ်စွာဘုရားရှင်တော် ဘုရား၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သော သတိသာတရား ဖြစ်ပါသလော။ အခြားစောင့်ရှောက်တတ်သည့် တရားလည်းရှိပါသလော” ဟု မေးလျှောက်လေသည်။
ဘုရားရှင်သည် “မင်းကြီး “ဗုဒ္ဓါနုဿတိ” သည်သာ စောင့်ရှောက်သည်မဟုတ်ပါ။ တရားဂုဏ်တော်ကို ပွားများသူတို့ကိုလည်း အခြားစောင့်ရှောက်ဖွယ် ဖြစ်သည့် ဆေးဝါးမန္တာန်ဂါထာမလိုဘဲ စောင့်ရှောက်ပါသည်။ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် သုံးဆယ့်နှစ် ကောဋ္ဌာသ၊ ကရုဏာဘာဝနာ၊ မေတ္တာဘာဝနာ ဤခြောက်မျိုး တစ်ခုခုကို အမြဲမပြတ် နေ့ရောညပါ သတိထားပွားများပါကလည်း အခါခပ်သိမ်း ကောင်းစွာနိုးကြားကုန်သည်။ ဘေးကင်းကုန်၏” ဟူ၍ ခြောက်ဂါထာဖြင့် ဟောကြားတော်မူသည်။ ဤတရားများကို မိစ္ဆာ အယူရှိသော သားအမိ သားအဖသုံးဦးသည် သောတာပန် ဖြစ်သွားလေသည်။ ၎င်းတို့ရဟန်းပြုသောအခါ ရဟန္တာများ ဖြစ်သွားကြလေသည်။
စုန္ဒ ဝက်သတ်သမားအကြောင်း
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် မနီးမဝေးရှိ ရွာတစ်ရွာတွင် ဝက်သတ်သမားတစ်ဦးရှိသည်။ ၎င်းသည် “စုန္ဒ” အမည်ရှိသည်။ သူသည် ဝက်များကို မွေးပြီး နေ့တိုင်းဝက်များကို အသားတိုးအောင် ရိုက်ပုတ်ပြီးမှ ရေနွေးကျက်ကျက်ဆူအောင်လုပ်ကာ ဝက်ပါးစပ်ထဲသို့ လောင်းထည့်၍ ဝက်များကို သတ်လေသည်။ သူသည် သူ့မယားနှင့်တကွ ၎င်းဝက်များကို စားလည်းစားသည်။ ရောင်းလည်း ရောင်းသည်။ ဤသို့ဖြင့် အသက်မွေးလေသည်။ ဘုရားရှင်အနီးနေလျက် တစ်နေ့မျှ ဆွမ်းတစ်နပ်၊ ပန်းတစ်ဆုပ် လှူခြင်းမပြုပါ။ ကုသိုလ်ပြုမှု မရှိပါ။
စုန္ဒသည် လေးဆယ့်ငါးနှစ်တိုင်တိုင် ဤသို့သော အကုသိုလ်အလုပ်ဖြင့် အသက်မွေးလုပ်ကိုင် စားသောက်နေသည်။ တစ်နေ့သော် ၎င်းသည် ရောဂါစွဲကပ်၍ သေအံ့သောအခါ၌ သူပြုကျင့်ခဲ့သော ကံကြောင့် ခံစားရလေသည်။ သူသည် အဝီစိငရဲ ကဲ့သို့ မီးသည် သူ့ကို မနေနိုင်အောင် ပူလောင်နေသည်။ အိမ်ထဲ၌ ဝက်ကဲ့သို့ မြည်တမ်းအော်ဟစ်လျက် ဒူးနှစ်ဖက်ဖြင့်သာ လှည့်ပတ်သွားလာနေရပါသည်။
စုန္ဒသည် အိမ်ထဲ၌ ဝက်ကဲ့သို့ အော်ဟစ်သောကြောင့် ဘေးအိမ်မှလူများ ဆူညံ၍ မအိပ်ရပါ။ အဖြစ်ဆိုးသည်။ ပတ်ဝန်းကျင် ခုနစ်အိမ်တို့တွင်နေသော လူတို့သည် စုန္ဒ၏အသံကြောင့် စိတ်ညစ်ကြရသည်။ ၎င်းကို သူ့အိမ်ထဲမှ အပြင်မထွက်လာအောင် တံခါးကိုပိတ်ပြီး အပြင်မှ စောင့်နေကြသည်။
စုန္ဒသည် အိမ်ထဲ၌ ငရဲမီးမျှ ပူလောင်၍ ပြင်းစွာ ပူလောင်ခံစားနေရသည်။ ဤသို့ ခုနစ်ရက်တိုင် မြည်တမ်းအော်ဟစ်နေရပြီး သေသော် အဝီစိငရဲ၌ ဖြစ်ရလေသည်။ စုန္ဒအိမ်ဘေးမှသွားသော ရဟန်းတို့သည် ဝက်အော်သံကဲ့သို့ ကြားနေရသည်။ ရဟန်း တို့သည် ဘုရားရှင်ထံသို့သွား၍ “မြတ်စွာဘုရား စုန္ဒအိမ်တံခါးပိတ်၍ ဝက်ကိုသတ်သည်မှာ ခုနစ်ရက် မြောက်ပါပြီ။ ထိုအိမ်၌ မင်္ဂလာအမှုပြုသည်ဟု ထင်မိပါသည်” ဟု လျှောက်ထားကြပါသည်။
ထိုအခါ ဘုရားရှင်သည် “ရဟန်းတို့ ဝက်သတ်သမားသည် ဝက်များကို သတ်သည်မဟုတ်ပါ။ သူသည် နှစ်ပေါင်းများစွာ ဝက်များကိုသတ်သည့် အကုသိုလ်ကြောင့် အသက်ရှင်စဉ်မှာပင် အဝီစိငရဲမီး အပူကို ခုနစ်ရက်လုံးလုံး ခံစားရသည်။ ၎င်းသည် အိမ်ထဲတွင် ဝက်ကဲ့သို့ အော်ဟစ်နေရသည်။ ယနေ့ သေ၍ အဝီစိငရဲ၌ဖြစ်လေသည်။ မကောင်းမှုပြုသူသည် ရဟန်းဖြစ်စေ၊ လူဖြစ်စေ ပစ္စုပ္ပန်တမလွန် နှစ်တန်သောဘဝတို့၌ စိုးရိမ်ပူပန်ဆင်းရဲရသည်တည်း စသည်ဖြင့် ဟောကြားတော်မူလေသည်။
ဝက်နှင့်ဗြဟ္မာ တစ်လှည့်တစ်ခါ
ဘုရားရှင် ဆွမ်းခံကြွတော်မူလာစဉ် ဝက်စားကျင်၌ တရှုတ်ရှုတ်နှင့် စားနေသော ဝက်မ ငယ်တစ်ကောင်ကိုမြင်သည်။ ပြုံးတော်မူသည်။ ဤအဖြစ်ကိုမြင်၍ အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်လေသည်။ ထိုအခါ ဘုရားရှင်က “ချစ်သား အာနန္ဒာ ဤဝက်မငယ်ကား ရှေးအတိတ်ကံကြောင့် ဗြဟ္မာပြည်၌ ဗြဟ္မာဖြစ်ခဲ့သည်။ ဗြဟ္မာပြည်မှ စုတေ သောအခါ ၎င်းသည် ယခု ဝက်မဖြစ်ရလေ၏”ဟု မိန့်တော်မူလေသည်။
ဘုရားရှင်မိန့်တော်မူသော စကားကို ကြားရသော ရဟန်းတို့သည် လွန်စွာထိတ်လန့်ကြလေသည်။ ဘုရားရှင်သည် ထိုအခါ၌ “ဘဝတဏှာ” ၏ ဆိုးရွားပုံကို ထင်ရှားစွာပြလိုသောကြောင့် လမ်းပေါ်ရပ်လျက် ခြောက်ဂါထာဖြင့် ဤတရားတော်ကို ဟောတော်မူလေသည်။
“ရဟန်းတို့ သစ်ပင်တစ်ပင်တွင် ရေသောက် အမြစ်သည် အဓိကဖြစ်၍ အပျက်အစီးမရှိဘဲ ခိုင်မြဲ လျက်ရှိသည်။ ယင်းရေသောက်မြစ်ကို မသတ်လေသမျှ ပင်စည်သည် မည်မျှခုတ်သော်လည်း တစ်ဖန်ပြန်ပေါက်ရန် ရှင်သန်သကဲ့သို့ ကိန်းဝပ်နေသော တဏှာကို အရဟတ္တမဂ်ဖြင့် မဖြတ်မနုတ်ပစ်အပ် သေးသော် ဤသံသရာ ဝဋ်ဆင်းရဲသည် အဖန်တလဲလဲ ဖြစ်ရလေသည်။ နှစ်သက်ဖွယ်အာရုံများကို စီးဝင်နေသော (အာယတန)နှင့် ပြည်စုံသည့်တဏှာသည် ရေအလျဉ်ကဲ့သို့ အာရုံအားလုံး၌ စီးဝင်နေသည်။ ဤသို့အားဖြင့် ရစ်ပတ်နေသော တဏှာသည် အာရုံ ခြောက်ပါး ဒွါရ၌ တည်ရှိနေသည်။ တဏှာ၏ သားကောင်ဖြစ်သော သတ္တဝါတို့သည် သာယာ နှစ်သက်၍ လောကီချမ်းသာကို ရှာမှီးကြကုန်သည်။ ထို့ကြောင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းသို့ မလွဲမသွေ မုချကပ်ရောက်ကြပေမည်။ တဏှာ၏ ဦးဆောင်ခေါ်ရာသို့ လိုက်ပါနေကြသော သတ္တဝါတို့သည် ရှည်ကြာစွာ အဖန်တလဲလဲ ဆင်းရဲခြင်းသို့ ရောက်ကြကုန်၏။
ဘုရားရှင်က အထက်ပါအတိုင်း မိန့်မြွက်ဟောကြားလေသည်။ အသိတရားကို ရဟန်းတို့အား သိရှိအောင်၊ ရှင်းလင်းအောင် ဥပမာပေး၍ ဟောကြားလေသည်။
သိကြားမင်းနှင့် “သုပ္ပဗုဒ္ဓ” လူနူတို့အကြောင်း
“သုပ္ပဗုဒ္ဓ” အမည်ရှိသော လူနူသည် ရာဇဂြိုဟ် ပြည်၌နေသည်။ ၎င်းသည် တစ်နေ့၌ ဘုရားရှင်ဟောသော တရားကို ပရိသတ်တို့အစွန်၌ထိုင်လျက် တရားနာလေသည်။ ယင်းသို့ တရားနာရသဖြင့် ၎င်းသည် သောတာပန်ဖြစ်သွားလေသည်။ တရားပွဲ ပြီးသော် ပရိသတ်များ ဖယ်ခွာသွားကြပါသည်။ ထိုအခါ ၎င်းသည် မိမိရအပ်သော ဂုဏ်ကျေးဇူးကို ဘုရားရှင်အား လျှောက်ထားလိုသောကြောင့် ဘုရားရှင်ရှိရာ ကျောင်းတော်သို့ လိုက်သွားလေသည်။
ထိုအချိန်၌ သိကြားမင်းသည် သုပ္ပဗုဒ္ဓ လူနူကို စုံစမ်းလိုသောကြောင့်အကြံဖြင့် သူ့ထံသို့သွားရောက်ပြီး ကောင်းကင်မှ ရပ်လျက် “သုပ္ပဗုဒ္ဓ” လူနူအား ဤသို့ဆိုလေသည်။ “ သုပ္ပဗုဒ္ဓ သင်သည် ဆင်းရဲသူ တစ်ယောက်ဖြစ်ပါလျက် တောင်းခံစားသောက်ရသော အထီးကျန်တည်း။ ငါသည် သင့်အားမရေမတွက် နိုင်သော ဥစ္စာကိုပေးအံ့။ ဘုရားသည် ဘုရားမဟုတ်၊ တရားသည် တရားမဟုတ်၊ သံဃာသည် သံဃာ မဟုတ် စသည်ဖြင့် ငါအား ဘုရား၊ တရား၊ သံဃာဖြင့် အကျိုးမရှိဟူ၍ဆိုလော့” ဟု ပြောလေသည်။
သိကြားမင်း၏စကားကို ကြားရသော သုပ္ပဗုဒ္ဓ လူနူသည် ဤသို့ ပြန်ဆိုပြန်လေသည်။ “သင်သည် အလွန်မိုက်မဲသူဖြစ်သည်။ ငါသည် သူဆင်းရဲအထီး ကျန်သူ မဟုတ်ပါ။ ငါသည် ချမ်းသာကြွယ်ဝသူ သာဖြစ်ပါသည်။ (၁) သဒ္ဓါ (၂) သီလ (၃) ဟီရိ (၄) သြတ္တပ္ပ (၅) သုတ (၆) စာဂ (၇) ပညာ ဟူသော သူတော်ကောင်းတရား ခုနစ်ပါး ငါ့မှာရှိသည်။ ဤသို့တရားခုနစ်ပါးရှိသူကို ဘုရားအစရှိသော အရိယာတို့ ဆင်းရဲသူမဆိုပါ”ဟု ပြန်ပြောလေသည်။ သိကြားမင်းသည် ဘုရားရှင်ထံသို့သွား၍ ၎င်းလူနူ ပြောသည့်စကားကို လျှောက်ထားလေသည်။
ဘုရားရှင်ကလည်း “သိကြားမင်း သုပ္ပဗုဒ္ဓကို ဘုရားသည် ဘုရားမဟုတ်၊ တရားသည် တရား မဟုတ်၊ သံဃာသည် သံဃာမဟုတ်ဟု ပြောစေရန် မစွမ်းနိုင်ကြောင်း” ဟူ၍ မိန့်တော်မူ လေသည်။ ထို့နောက် သုပ္ပဗုဒ္ဓသည် ဘုရားထံသို့ ရောက်လာပြီး ၎င်းရအပ်သော တရားထူးကို ဝမ်းမြောက်ဝမ်းသာ လျှောက်ထားပြီး ထ၍ဖယ်ခွာသွားလေသည်။ ၎င်းသည် ဤသို့ဖယ်ခွာသွား၍ မကြာမီမှာပင် ရှေးအတိတ်ဘဝက သုပ္ပဗုဒ္ဓသူဌေးသားဖြစ်စဉ်က သတ်ခဲ့သော ပြည့်တန်ဆာသည် ပြန်လည် ကလဲ့စားချေရန် ရန်ငြိုးဖွဲ့ဆုတောင်းခဲ့၍ ယခုဘဝ၌ ဘီလူးက နွားမယောင်ဆောင်ပြီး သုပ္ပဗုဒ္ဓကို ဝှေ့သတ်လေသည်။
(ဆက်လက်ဖော်ပြပါမည်)