ဆရာကြည်
ဗကဗြဟ္မာကြီးကို ချေချွတ်ဆုံးမခြင်း
ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သူ၏ရဟန်းတပည့်များအား အတိတ်အကြောင်းတစ်ခု ပြန်လည်ဟောကြားသည်။ ဘုရားရှင်သည် အခါတစ်ပါး၌ ဥက္ကဋ္ဌမြို့ သုဘဂမည်သောတောအုပ်အတွင်း အင်ကြင်းပင်ရင်း၌ နေတော်မူစဉ် အာဘဿရဗြဟ္မဘုံ၌နေသော ဗကဗြဟ္မာကြီး၏ စိတ်သန္တာန်တွင် နိစ္စ(မြဲခြင်း) ဟူသော မိစ္ဆာအယူကိန်းအောင်းနေသည်ကို မြင်လေသည်။ ဘုရားရှင်ကြွသွားပြီး ဤဗကဗြဟ္မာ မင်းကို နှိမ်နင်းချေချွတ်ခဲ့ရသည်။ ဤသို့အကြောင်း အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ ဘုရားရှင်ကဟောကြားတော်မူသည်။
ဤဗြဟ္မာကြီးသည် ရှေးအခါက လူ့ဘဝ၌ အနှစ်တစ်သန်းမျှလောက် ရသေ့၊ ရဟန်းပြု၍ လောကီ ဈာန်သမာပတ်ကို မပြတ်လေ့လာသည်။ ၎င်းစုတေသောအခါ ဝေဟပ္ဖိုလ်မည်သော ဗြဟ္မဘုံ၌ဖြစ်လေသည်။ ထိုဘုံ၌ မဟာကပ်ငါးရာပတ်လုံး ဗြဟ္မာတို့၏ ချမ်းသာကို ခံစားခဲ့သည်။ ထိုမှ စုတေသောအခါ “သုဘကိဏှာ” ဗြပ္မာ့ဘုံ၌ တစ်ဖန်ခံစားသည်။ မဟာကပ် ၆၄ ကမ္ဘာတိုင် ဗြဟ္မာအရသာကို ခံစားပြန်ပါသည်။ တစ်ဖန် ဤသို့ဖြင့် ဤဘုံဘဝမှစုတေသော် “အာဘဿရ” ဗြဟ္မဘုံ၌ မဟာကပ်ရှစ်ကမ္ဘာကို ခံစားပြန်သည်။ ထိုဘုံမှတစ်ဆင့် စုတေပြန်သော် ပထမဈာန် အာနုဘော်ကြောင့် အန္တရကပ် ၁၆ ကပ် အသင်္ချေယျကပ်အားဖြင့် တစ်ကပ်သာ အသက်ရှည်သော ထိုအာဘဿရ ပထမဈာန်ဘုံ၌ပင် ဖြစ်လေသည်။
ဗကဗြဟ္မာသည် အထက်ဗြဟ္မဘုံမှ အောက်ဗြဟ္မဘုံသို့ အလျင်အမြန် ခဏခဏသေ၊ ခဏခဏပြန်ဖြစ် ဖြုတ်ခနဲ အဖြစ်မြန် အပျက်မြန်သောကြောင့် ၎င်းသည် ဖြစ်ခဲ့ပြီးသော ရုပ်နာမ်အစဉ် ကို မမှတ်မိဖြစ်လေသည်။ အောက်၌ဖြစ်သော ဗြဟ္မဘုံတို့၌ ပဋိသန္ဓေကိုလည်း မထင်ဘဲရှိခဲ့သော ကြောင့် နဂိုအတိုင်းတည်နေသည်ဟု မှတ်ယူလေသည်။ ထို့ကြောင့် ဗကဗြဟ္မာသည် သူ့စိတ် သန္တာန်၌ မြဲသည်၊ မပြောင်းလဲ နိစ္စ၊ ဓူဝ ချမ်းသာပေတည်း။ ဗြဟ္မာလောက၊ ဗြဟ္မာဘဝသည် ဤသို့ ဖြစ်သည်ဟု ထင်လေသည်။ ဗြဟ္မာလောက၌ ပဋိသန္ဓေနေသူ၊ အိုသူ၊ နာသူ၊ သေသူ၊ သေပြီးသော အခါ နောက်ဘဝ၌ တစ်ဖန်ဖြစ်သူဟူ၍မရှိ။ အိုခြင်း၊ နာခြင်း၊ သေခြင်း စသည့် ဆင်းရဲခြင်းမရှိ၊ မြင့်မြတ် သည့် ချမ်းသာနိဗ္ဗာန်တည်းဟု ၎င်းကထင်သည်။ ထို့ပြင် ဤဗြဟ္မာလောကမှတစ်ပါး မွန်မြတ်သော ထွက်မြောက်ရာလည်း မရှိဟူ၍ နိစ္စ (မြဲခြင်း) ဟူသော အယူလွဲမှားနေလေသည်။ မိမိအနီးအပါး၌ ဖြစ်သော ၇၂ ဦးသောဗြဟ္မာတို့လည်း ဤသို့ပင်အယူရှိကြကုန်သည်။
ဘုရားရှင်သည် ဥက္ကဋ္ဌမြို့ သုဘဂမည်သော တောအုပ်အတွင်းရှိ အင်ကြင်းပင်ရင်းတွင် သီတင်း သုံးတော်မူစဉ် ထိုဗကဗြဟ္မာမင်း၏ မိစ္ဆာအယူစွဲမှုကိုသိ၍ တစ်မုဟုတ်ချင်း “အာဘဿရ” ဗြဟ္မပြည်သို့ ထင်ရှားစွာရပ်တော်မူလေသည်။ ဗကဗြဟ္မာမင်းသည် ဘုရားရှင်ကို မြင်သောအခါ ခရီးဦးကြိုပြုလေသည်။
ဗကဗြဟ္မာမင်းက “အရှင်မြတ်ကြွလာပါလော့။ ယခုကဲ့သို့ ကြွလာခြင်းသည် ကောင်းသောလာခြင်း ဖြစ်ပါသည်။ အရှင်မြတ်သည် ဗြဟ္မပြည်သို့ကြာမြင့်မှ လာရောက်ဘိ၏။ လုံ့လပြု၍ ကျင့်တော်မူပါ။ ဤဗြဟ္မပြည်သည် ဆင်းရဲခြင်းကင်း၏။ ဤလောကသည်မြဲ၏။ ဗြဟ္မာကိုယ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ နောက်တစ်ဖန် ပဋိသန္ဓေနေရခြင်းမရှိ။ ဆင်းရဲခြင်းအပေါင်းတို့ ကင်းချုပ်၏။ ထာဝရချမ်းသာ သော နိဗ္ဗာန်ပေတည်း။ ဤဗြဟ္မာလောကမှတစ်ပါး လွတ်မြောက်ရာလည်းမရှိ”ဟု ဘုရားရှင်အား လျှောက်ထားလေသည်။
ထိုအခါ ဘုရားရှင်သည် ထက်ဝန်းကျင်မှ ရောက်လာကုန်သော ဗြဟ္မာတို့အား သက်သေထား၍ အမြိုက်တရားတို့ကို တိုက်ကျွေးသည်။ ဘုရားရှင်က “အို ဗြဟ္မာအပေါင်းတို့ ဤဗကဗြဟ္မာ ကြီးသည် အမှောင်တည်းဟူသော အဝိဇ္ဇာသို့ဝင်ရောက် လေ၏။ မိမိကိုယ်တိုင် ချုပ်နှောင်ခံရသော မြှုံးတွင်း ငှက်သည် လွတ်ထွက်ပြီးသောသတ္တဝါတို့ကို ငါ့ထံသို့လာလှည့်ဟုခေါ်သကဲ့သို့ မှားယွင်းသော မိစ္ဆာ ဉာဏ်ဖြင့် ဗြဟ္မာဘဝကို နိဗ္ဗာန်ထင်မှတ်နေခြင်း ဖြစ်သည်။
မိမိ၏နောက်ဖြစ်လာမည့်ဘေးကိုမမြင် ပါ။ အနိစ္စကိုပင် နိစ္စ၊ ဒုက္ခကို သုခဟု မှားယွင်းစွာ သိနေသည်။ ဤပထမဈာန် ဗြဟ္မာလောကမှတစ်ပါး ထိုထက်သာလွန်သည့် ချမ်းသာနှင့်ပြည့်စုံ သော ဒုတိယဈာန် ဗြဟ္မာလောက၊ တတိယဈာန် ဗြဟ္မာလောက၊ စတုတ္ထဈာန်ဗြဟ္မာလောကကိုလည်း မသိရှိပါ။ ထိုထိုထက် အဆပေါင်းများစွာ သာလွန် မြင့်မြတ်၍ ဝဋ်ဆင်းရဲအပေါင်းမှ ဧကန်လွတ်မြောက်သည့် မဂ်ဖိုလ်နိဗ္ဗာန်ကို မသိ၊ မမြင်ဘဲ၊ မက်လောက် စရာမရှိသည့် ဤပထမဈာန် ဗြဟ္မာလောကလေးကို အမြင့်မြတ်ဆုံး အချမ်းသာဆုံးနိဗ္ဗာန်ဟူ၍ ထင်မှားပြီး မှားယွင်းစွာထင်မှားနေဘိသည်”ဟူ၍ မိန့်တော်မူလေသည်။
ဘုရားရှင်၏ မိန့်ကြားသော တရားသံကို ကြားရသော ဗကဗြဟ္မာသည် သူ့အား ဘုရားရှင် အပြစ်တင်ချက်ကိုဝှက်၍ ဆင်ခြေပေးလိုသည့် သဘောဖြင့် ပြန်လည်လျှောက်ထားလေသည်။ “အရှင်မြတ်ဘုရား ဤသဿတဝါဒ (နိစ္စဝါဒ) ကို တပည့်တော်နှင့် ရှေ့ကုသိုလ်ပြုဖက် ဗြဟ္မာ ၇၂ ဦး သည် တပည့်တော်ကဲ့သို့ပင် သဘောရှိကြပါ၏။ ဤသို့သောအားဖြင့် တပည့်တော်အား ၎င်းဗြဟ္မာတို့က လွန်စွာချီးမြှောက်ပူဇော်ကြလျက် နိစ္စထာဝရ တည်းဟူသော နိဗ္ဗာန်ပင်ထင်မှတ်ကြပါသည်။ ထို့ကြောင့် ဗြဟ္မာစင်စစ်နိဗ္ဗာန်ဟု ဆိုပေသတည်း” ဟု လျှောက်ထားလေသည်။
ထိုအခါ ဘုရားရှင်သည် “အို ဗကဗြဟ္မာ သင်သည် ဤဗြဟ္မဘုံ၌ သက်တမ်းအတိုင်းနေရပြီး သော် စုတေရဦးမည်။ နောင်ဘဝ၌ ဖြစ်ရဦးမည် ဧကန်တည်း။ သင်သည် ဇာတိ၊ ဇရာ၊ မရဏ ကင်းသည့်ဘဝ မရောက်သေးပေ။ စုတေရဦးမည်။ သင်သည် ပညာကင်းမဲ့သောကြောင့် သင်မသိပေ။ ထိုသို့ဘဝများထက် သာလွန်သော အသက်ရှည် ဗြဟ္မာဘုံ “သုဘ ကိဏှာ၊ ဝေဟပ္ဖိုလ်၊ အဝိဟာဘုံ” ရှိသေးသည်။ ထိုဘုံဘဝများကို ငါသိသည်။ သင်ဗက ဗြဟ္မာသည် ဤမျှတန်ခိုးကြီး၏။ ဤမျှ အာနုဘော် ကြီး၏။ ဤကျော်စောအခြွေအရံများရှိသည်ဟူ၍ လည်းကောင်း၊ သင်၏ပုံအလုံးစုံကိုလည်းကောင်း၊ သင်၏ အစွမ်းသတ္တိကိုလည်းကောင်း ငါဘုရားသိ၏။ သင် ဤဗြဟ္မဘုံသို့ ရောက်လာခဲ့ရခြင်း၏ ရှေးအကြောင်းကိုလည်း ငါဘုရားသိတော်မူ၏”ဟု မိန့်တော်မူလေသည်။
ထိုအခါ ဗကဗြဟ္မာသည် ဘုရားရှင်အား “အရှင် ဂေါတမ တပည့်တော်၏ ဘဝအဆက်ဆက် သက်တမ်းကိုလည်းကောင်း၊ ဖြစ်ခဲ့ဖူးသည့် ဘဝ များကိုလည်းကောင်း၊ ရှေးကတပည့်တော် ပြုခဲ့ဖူး သည့် ဈာန်ကုသိုလ်များကိုလည်းကောင်းသိသည် ဟု အရှင်ဘုရားဆိုပေသည်။ တပည့်တော် ရှေးဘဝ ကပြုခဲ့သည့် ဈာန်ကုသိုလ်များကို ဟောကြားပေးတော်မူပါ”ဟု လျှောက်ထားသည်။ ဘုရားရှင်ကလည်း ၎င်း၏ ရှေးဘဝများစွာက ဖြစ်ခဲ့သည့် အကြောင်းအရာများကို ဤသို့ ဟောကြားတော်မူ လေသည်။
“ဗကဗြဟ္မာ သင်သည်ရှေးဘဝအတိတ်က ကေသဝမည်သည့် စတုတ္ထဈာန်ရ ရသေ့ဖြစ်စဉ်က
(၁) သင်သည် အခါတစ်ပါး၌ လှည်းကုန်သည် ငါးရာတို့ သဲကန္တာရ၌ အစာရေစာပြတ်လပ်၍ သေကြ ရမည်ကို မြင်သောကြောင့် မြစ်ရေယာဉ်ကြီးကို စီးပြီး သစ်သီးမျိုးစုံပါသော ဥယျာဉ်ကြီးကို ဖန်ဆင်း ပေးခဲ့၍ ထိုလူအပေါင်းတို့ အသက်ချမ်းသာစွာ ဖြစ်စေရန် ကယ်တင်ခဲ့ဖူး၏။
(၂) နောက် အခါတစ်ပါး၌ ပစ္စန္တရစ်ရွာကို ခိုးသားငါးရာတို့ လာရောက်တိုက်ခိုက်သောအခါ သင်သည် မင်း၏ စစ်တပ်ကိုဖန်ဆင်း၍ ထိုခိုးသား ငါးရာကို ခြိမ်းခြောက်ကာလန့်ထွက်ပြေးစေပြီး ရွာသားများကို ကယ်တင်ခဲ့ဖူးသည်။
(၃) နောက်အခါတစ်ပါး၌ ဂင်္ဂါမြစ်ထဲတွင် လူများစွာတို့ လှေဖြင့်သွားလာသောအခါ ၎င်းတို့ စားသောက်ပြီးသော စားကြွင်းစားကျန်များကို မြစ်ထဲသို့ပစ်ချသည်။ ဤသို့ ပြုလုပ်သောကြောင့် နဂါးမင်းက အမျက်ထွက်ကာ ထိုလူတို့အား သူ၏ ပါးပျဉ်းထောင်၍ သတ်မည်ပြုစဉ် သင်သည် ဂဠုန်ငှက်အသွင်ဖန်ဆင်း၍ နဂါးပြေးစေရန် ပြုလုပ်ပြီး ၎င်းတို့၏အသက်ကို ကယ်ခဲ့သည်။
(၄) သင်သည် ထိုကေသဝရသေ့ဖြစ်စဉ်က ငါဘုရားသည် သင်၏ အန္တေဝါသိက တပည့်ကြီး ကပ္ပရသေ့ဖြစ်ခဲ့၏။ သင်သည် ငါနှင့်ကင်းကွာနေရ၍ စိတ္တဇဖြင့် ဝမ်းရောဂါဖြစ်လေသော် ငါဘုရား (ကပ္ပရသေ့)က ပြုစုခဲ့ဖူး၏”ဟူ၍ ဗကဗြဟ္မာ၏ အတိတ်ဘဝ ကေသဝရသေ့၏ အကြောင်းစုံဖြစ်ရပ် များကို ဟောကြားလေသည်။
ထို့ပြင် ဘုရားရှင်က အချင်းဗကဗြဟ္မာ သင်သည် ကေသဝရသေ့ဖြစ်စဉ်က စတုတ္ထဈာန်ကို ရခဲ့သည်။ ထိုထိုကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့ခြင်းတို့ကြောင့် သင်သည် “ဝေဟပ္ဖိုလ်ဗြဟ္မဘုံ”၌ ဖြစ်ရ သည်။ ထိုဘုံ၌ တတိယဈာန်ကို ပွားများဖန်များသဖြင့် စုတေသော် “သုဘကိဏှာ” ဗြဟ္မဘုံ၌ ဆင်း၍ ဖြစ်ရသည်။ ထိုဘုံမှ ဒုတိယဈာန်ကို ပွားများသောကြောင့် စုတေသောအခါ “အာဘဿရ” ဗြဟ္မဘုံ၌ ဆင်း၍ ဖြစ်ခဲ့ရပြန်သည်။ ထိုဘုံမှာပင် ပထမဈာန်ကို လေ့လာပွားလျက် စုတေသောအခါ ဤအာဘဿရ ဗြဟ္မဘုံ၌ပင် ပြန်ဖြစ်ရလေသည်။ ထိုကဲ့သို့သော ဘဝ၊ လူ့ဘဝ၊ ဗြဟ္မာဘဝများနှင့်တကွ ထိုထိုဘဝများစွာတို့၌ ထိုထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့လေလော့ဟု ဘုရားရှင်က ဗကဗြဟ္မာအား ရှေးဘဝအကြောင်းတို့ကို အောက်မေ့နိုင်ရန် တိုက်တွန်းဟောကြားလေသည်။
ဘုရားရှင်က ဤသို့ ဟောကြားလိုက်သော ကြောင့် ဗကဗြဟ္မာသည် ၎င်း၏ဉာဏ်ထဲ၌ အတိတ် ဘဝအလုံးစုံကို ထင်ရှားလာသဖြင့် မိစ္ဆာဝါဒမှကင်း လျက် သဒ္ဓါတရားများ ရွှန်းစို၍ ကြည်ညိုသောစိတ်များ တဖွားဖွားဖြစ်လာလေသည်။ ၎င်းက “မြတ်စွာဘုရားရှင်သည် တပည့်တော်၏ ထိုထိုဘဝအလုံးစုံကို အသက်ပိုင်းခြား၍ သိမြင်တော်မူပါပေ၏။ ထိုသို့ ဖြင့် နေယျတရားအားလုံးကိုလည်း ပိုင်းခြားသိမြင်တော်မူပါ၏။ ထို့ကြောင့် သဗ္ဗညုတဗုဒ္ဓဖြစ်ကြောင်း မှန်လှပေသည်။ ရှင်တော်ဘုရား၏ အရှိန်အဝါ ထွန်းလင်းတောက်ပြောင် ကိုယ်တော်ရောင် အာနုဘော်သည် ဗြဟ္မာပြည်တစ်ပြည်လုံး ထွန်းလင်းတောက်ပလျက်ဖြစ်ပေ၏”ဟူ၍ ဂါထာဖြင့် ချီးကျူး လျှောက်ထားလေသည်။
ထို့နောက် ဘုရားရှင်သည် လာရောက်ဆည်းကပ် ကုန်သော ဗြဟ္မာအပေါင်းတို့အား “ငါဘုရားသည် ဘဝသုံးပါး၊ ဝဋ်ရထားတွင် ပဋိသန္ဓေ၊ အို၊ နာ၊ သေရေး ကြောက်မက်ဖွယ်ဘေးတို့ကို လည်းကောင်း၊ သတ္တဝါအပေါင်း၏ ဘုံသုံးပါး၌ မရပ်မနားဖြစ်ပွား ခြင်းကိုလည်းကောင်း မြင်သည့်အတွက်ကြောင့်ပင် တစ်စုံတစ်ခုသောဘဝကိုမျှ တဏှာဒိဋ္ဌိတို့၏ အစွမ်းဖြင့် နိစ္စ၊ ဓူဝ၊ သဿတ စသည်တို့ဖြင့် အထင်မမှား ကြပြီ။ ဘဝတဏှာကိုလည်း မဂ်လေးပါးဖြင့် ပယ်သတ်သဖြင့် မကပ်ရောက်၊ မစွဲကပ်တော့ပြီ” ဟူ၍ ဂါထာဖြင့် ဟောကြားတော်မူသည်။
ယင်းတရားအပေါင်းကို နာကြားရသော ဗြဟ္မာ အပေါင်းတို့သည် တချို့က သောတာပန်၊ တချို့က အနာဂါမ်၊ တချို့က ရဟန္တာဖြစ်ကြလေသည်။ ထိုအခါ ဘုရားရှင်၏တရားကို နာကြားရသောကြောင့် ဗြဟ္မာအပေါင်းတို့ လွန်စွာနှစ်သက်ဝမ်းမြောက်ပြီး ဘုရားရှင်အား ချီးကျူးထောမနာပြုကြလေသည်။
(ဆက်လက်ဖော်ပြပါမည်)