ဆရာကြည်

(၂၄-၉-၂၀၂၂ ရက်နေ့မှအဆက်)

၎င်းသည် ခုနစ်နှစ်ပြည့်သောအခါ မိမိတိုင်းပြည်သို့ ပြန်လိုသောကြောင့် ဆရာအား သင်ယူသော ပညာသည် ဘယ်သောအခါမှ ကုန်ပါမည်နည်းဟု မေးလေသည်။ ဆရာကလည်း သူ့အား တူရွင်းတစ်ချောင်းကိုကိုင်၍ အရပ်လေးမျက်နှာသို့သွားပြီး တစ်ယူဇနာသွားမိလျှင် ဆေးဖက်မဝင်သောအပင်ကိုတွေ့လျှင် သူ့ထံသို့ ယူစေရန်ခိုင်းလေသည်။ သူလည်း ဆရာခိုင်းသည့်အတိုင်းလုပ်ရာ ဆေးဖက်မဝင်သောအပင် တစ်ပင်မျှမရကြောင်း ဆရာ့အား ပြောလေသည်။ ဆရာကလည်း သူ့အားပြောကြားချက်ကိုသိရလျှင် သင်ပညာကုန်တတ်ပြီး သင်ပြန်လိုက ပြန်နိုင်ကြောင်း ခွင့်ပြုလိုက်လေသည်။ 

ဇီဝကသည် နေပြည်တော်သို့ ပြန်လာရာတွင် သာကေတမြို့သို့ အရောက်၌ ရိက္ခာပြတ်သည်။ သူဌေးကတော်တစ်ဦး ဦးယဉ်းခေါင်းခဲနာ ခုနစ်နှစ်တိုင်စွဲကပ်နေသည်ကို နှာနှတ်ဆေး တစ်ခါတည်းပေးလိုက်ခြင်းဖြင့် ရောဂါပျောက်သွားလေသည်။ 

ရောဂါပျောက်ကင်းသောကြောင့် ဆေးကုသခအဖြစ် ဇီဝကအား ငွေတစ်သောင်းခြောက်ထောင်နှင့် ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ရထား၊ မြင်း၊ ဆင် တို့ကိုပေးရာ ယင်းတို့ကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ ပြန်လာလေသည်။ ထိုပစ္စည်းများကို အဘယ မင်းသားအား အကုန်အပ်၍ မင်းသား၏ အိမ်တော်တွင် နေလေသည်။ ဗိမ္ဗိသာရမင်းကြီး၌ မြင်းသရိုက် ရောဂါရှိရာ မင်းကြီး၏ ဆေးဆရာများက ကုသ၍မရ မပျောက်၍ လက်မြှောက်အရှုံးပေးကြသည်။ ထိုရောဂါကို ဇီဝကသည် ဆေးတစ်ကြိမ်ပေးရုံ၊ လိမ်းပေးရုံဖြင့်   ရောဂါပျောက်ကင်းသွားလေသည်။ 

မင်းကြီးသည် ဝမ်းသာဝမ်းမြောက်ရှိသဖြင့် ဇီဝကအား မောင်းမငါးရာတို့၌ ဝတ်ဆင်ထားသော တန်ဆာအားလုံးကို ချွတ်ပုံ၍ပေးလေသည်။ ထိုအခါ ဇီဝကသည် မင်းကြီးအား အဘိုးအဘွားများ၏ ပစ္စည်း ဘဏ္ဍာကို မယူလိုကြောင်းနှင့် အသက်ရှည်သမျှ ယခုကုသထားသော ကျေးဇူးကိုအောက်မေ့သတိရတော်မူပေးပါဟု  လိမ္မာပါးနပ်စွာဖြင့်  ပြန်လည် လျှောက်ထားပြောဆိုလေသည်။ 

မင်းကြီးသည် အလွန်နှစ်သက်သဘောကျတော်မူ၍ ဇီဝကအား သူနှစ်သက်သောနေရာကို လည်းကောင်း၊ ဘေးတော် ဘိုးတော်တို့၏ အမွေဖြစ်သော သရက်ဥယျာဉ်ကိုလည်းကောင်း၊ တစ်နှစ်တွင် အခွန်တစ်သိန်းထွက်သော မြို့ရွာကြီးကို လည်းကောင်း၊ ထူးမြတ်သော အသုံးအဆောင်တို့ကိုလည်းကောင်း ပေးသနားတော်မူသည်။ ထို့အပြင် မင်းကြီးက ဘုရားရှင်နှင့်တကွသော သံဃာတော်နှင့်တကွ မောင်းမမိဿံတို့အား ၎င်းဆေးဖြင့် အလုပ်အကျွေးပြုပါရန် မိန့်ကြားလေသည်။ ဇီဝကလည်း လက်ခံလေသည်။ 

တစ်နေ့သောအခါ၌ ရာဇဂြိုဟ်ပြည်မှ “မဟာသာလ” မည်သော သူဌေးသည် ဦးယဉ်းခေါင်းခဲနာ ခံစားနေရသည်။ ဆေးဆရာများကလည်း ဤသူဌေးကြီးသည် ငါးရက်၊ ခုနစ်ရက်သာနေရမည် စသည်ဖြင့် ပြောကြလေသည်။ ယင်းသို့ဖြစ်နေသည်ကို မင်းကြီးက သွားရောက်ကုသပေးရန် ဇီဝကအား လွှတ်လိုက်ပါသည်။ 

ဇီဝကသည် ထိုရောဂါခံစားနေရသော သူ၏ ဦးခေါင်းအရေခွံကိုခွာ၍  ပိုးကြီးတစ်ကောင်နှင့် ပိုးငယ်တစ်ကောင်တို့ကို ထုတ်ပြသည်။ ၎င်းတို့သည်  ရောဂါရှင်၏ ဦးနှောက်ကို ပိုးကြီးက ငါးရက်စားမည်၊  ပိုးငယ်က ခုနစ်ရက်စားမည်၊ ကုန်ပါက သေမည်ဖြစ်ကြောင်းရှင်းပြ၍ ဦးခေါင်းအရေခွံ ခွာသည်ကို ပြန်ချုပ်လိုက်ရာ ရက်သတ္တသုံးပတ်ဖြင့် လုံးဝပျောက်ကင်းသွားလေသည်။ ဇီဝကအား ကတိအတိုင်း သူဌေးကြီးက သူ့ကိုကျွန်ခံ၍ ငွေတစ်သိန်းပေးသည်။ ဇီဝကသည် ငွေတစ်သိန်းသာယူပြီး ယင်းတစ်သိန်းကို  မင်းကြီးအားပေးလေသည်။ ထို့အပြင် မင်းကြီးအမိန့်အရ ဗာရာဏသီမြို့ရှိ ဝမ်းတွင်းအူထုံးနေသော  သူဌေးသားအား ဝမ်းခွဲကုသပြီး ဆေးကုသငွေ တစ်သောင်းခြောက်ထောင်ကို ယူ၍ပြန်လာသည်။ 

ထို့နောက် အဝန္တိတိုင်း ဥဇ္ဇေနီပြည့်ရှင် “စဏ္ဍပဇ္ဇောတ” မင်းသည် မစားနိုင်၊ မသောက်နိုင် ဖျော့တော့သည့်ရောဂါ စွဲကပ်၍ ဗိမ္ဗိသာရမင်းကြီးထံ သံတမန်စေလွှတ်၍ အကူအညီတောင်းခံလေသည်။ ထို့ကြောင့် မင်းကြီးသည် ဇီဝကအား စေလွှတ်၍ ကုခိုင်းစေသည်။ 

စဏ္ဍပဇ္ဇောတမင်း လုံးဝမကြိုက်သည့် ထောပတ်ပါသောဆေးကိုဖော်၍ ကုသရမည်သိသော ဇီဝကသည် ထောပတ်ထဲသို့ ဆေးပေါင်းစုံထည့်၍ ထောပတ်နံ့မထွက်အောင် အကြိမ်များစွာ ချက်လုပ်ထားသောဆေးကို မင်းကြီးအား တိုက်ကျွေးလေသည်။ 

ဆေးတိုက်ပြီးသောအခါ ဇီဝကသည် မြန်သော ဆင်ယာဉ်ကိုစီး၍ ရာဇဂြိုဟ်ပြည်သို့ အမြန်ပြန်လာလေသည်။ စဏ္ဍပဇ္ဇောတမင်းသည် ဆေးသောက်၍ လေကြို့တက်သောအခါ ထောပတ်နံ့ ထွက်လာသည်။ ၎င်းသည် အမျက်ဒေါသထွက်၍ ဇီဝကအား သတ်အံ့ဟု အမျက်ထွက်လေသည်။ သို့သော် ၎င်းမင်းခံစားနေရသောရောဂါ ပျောက်သွားသဖြင့် မင်းသည် ကျေးဇူးပြုရန် အကောင်းမြတ်ဆုံး ချောမွေ့လှသည့် အဖိုးများစွာ ထိုက်တန်သော သိဝိရာဇ်တိုင်းဖြစ် ပုဆိုးတစ်စုံနှင့်တကွ ဆန်လှည်း အစီးငါးရာ၊ ငွေတစ်သောင်းခြောက်ထောင်၊ အရန် ပုဆိုးတစ်ထောင်တို့ကို ဇီဝကထံသို့ ပို့ပေးလိုက်လေသည်။ 

ဇီဝကသည် ထိုသိဝိရာဇ်တိုင်းဖြစ် ပုဆိုးအစုံကို ဘုရားရှင်အား လှူဒါန်းလေသည်။ ပုဆိုးအဝတ် တစ်ထောင်တို့ကို ရဟန်းတို့အား လှူဒါန်းလေသည်။ ဇီဝကသည် ဘုရားရှင်အား သိဝိရာဇ်တိုင်းဖြစ် ပုဆိုးအစုံကို လှူဒါန်းခြင်းနှင့်အတူ လျှောက်ထားလေသည်။ ရဟန်းသံဃာတော်များသည် ပံ့သကူသင်္ကန်းဖြင့် သုံးဆောင်သည်မှာ မနှစ်လို၍ နွမ်းနယ် လှသည်ဖြစ်သောကြောင့် မိမိပေးလှူသော သင်္ကန်းများကို သံဃာတော်များအား သုံးဆောင်ခွင့်ပြုရန် လျှောက်ထားလေသည်။ ဘုရားရှင်ကလည်း ခွင့်ပြုတော်မူသည်။ ပြည်သူပြည်သား အပေါင်းကလည်း ယင်းတစ်ရက်၊ နှစ်ရက်အတွင်း သင်္ကန်းလျာပုဆိုးများကို သံဃာတော်များအား အသောင်းမက လှူဒါန်းကြကုန်သည်။ 

ဇီဝကသည် မြတ်စွာဘုရားမကျန်းမာသောအခါ၌လည်း သွားရောက်၍ ဆေးကုသပေးသည်။ သံဃာတော်များကိုလည်း မကျန်းမာသောအခါ ဆေးကုသပေးလေသည်။ ၎င်းသည် ဘုရား၊ တရား၊ သံဃာတော်များကို ကြည်ညိုသည်။ ဘုရားထံသို့ ချဉ်းကပ်၍ တရားနာလေ့ရှိသည်။ ၎င်းသည် သူပိုင်သော သရက်ဥယျာဉ်၌ ကျောင်းများစွာ ဆောက်လုပ်၍ ဘုရားနှင့်တကွ သံဃာတော်များ သီတင်းသုံးရန် လှူဒါန်းလေသည်။ ထို့ကြောင့် ထိုကျောင်းတိုက်များကို“ဇီဝကမ္ဗဝန = ဇီဝက =အမ္ဗဝန” အမည်ပေး၍ “ဇီဝက သရက်ဥယျာဉ်ကျောင်းတိုက်များ”ဟူ၍ အမည်တွင်လေသည်။ 

မဟာပန်နှင့် စူဠပန်ညီနောင်နှစ်ပါးအကြောင်း

ရာဇဂြိုဟ်ပြည်၌“ဓနသေဋ္ဌိ”(မဟာဓ)မည်သော သူဌေးကြီးတစ်ဦးရှိသည်။ ၎င်း၌ မြေးနှစ်ယောက်ရှိသည်။ မဟာပန္ထက (မဟာပန်) နှင့် စူဠပန္ထက(စူဠပန်) ဖြစ်ပါသည်။ စူဠပန်သည် ငယ်ရွယ်သေးသည်။ မဟာပန်သည် အဘိုးဘုရားကျောင်းတော်သို့သွား၍ တရားနာသွားသည့်အချိန်၌ လိုက်ပါလျက်ရှိသည်။ ၎င်းမဟာပန်သည် ဘုရားရှင်ဟောကြားသော တရားများကို အလွန်နှစ်သက်သည်။ ထို့ကြောင့် သူ့အဘိုးအား ဘုရားကျောင်းတော်တွင် သာမဏေပြုပေးရန် ခွင့်ပန်သည်။ 

သူဌေးကြီးကလည်း သူ့မြေးဆန္ဒအတိုင်း သာမဏေ ဝတ်ပေးလိုက်ပါသည်။ ၎င်းသည် အသက်(၂၀)ပြည့်သောအခါ ရဟန်း (ပဉ္စင်း)အဖြစ်ကို ရလေသည်။ ၎င်း၏ ဘုရားဟောကြားသည့် ပိဋကတ်တော်များကို သင်ယူလိုက်နာသောကြောင့် လည်းကောင်း၊ ကမ္မဋ္ဌာန်းတရားကို လုံ့လစိုက်၍ အားထုတ်သောကြောင့်လည်းကောင်း မကြာမီ ရဟန္တာဖြစ်သွားလေသည်။ 

မဟာပန်သည် ရအပ်သော ဈာန်မဂ်ဖိုလ် ချမ်းသာကို ခံစားရလေသည်။ ဤသို့ခံစားနေရခြင်းနှင့် သူ့ညီတော် စူဠပန်အားခံစားလို၍ သူ၏အဘိုးအား ညီတော်ကိုခေါ်၍ ရဟန်းပြုပေးရန် တောင်းခံ လေသည်။ ထိုသို့ တောင်းခံချက်ကြောင့် အဘိုးကလည်း မဟာပန်၏ညီငယ် စူဠပန်အား ရဟန်း ဝတ်ပေးလိုက်လေသည်။ 

စူဠပန်သည် ကဿပဘုရားရှင်လက်ထက်၌ ရဟန်းဖြစ်ခဲ့ဖူးပါသည်။ ဉာဏ်ထိုင်းသော ရဟန်း တစ်ပါးကို ပျက်ရယ်ပြုခဲ့ဖူးသော ဝဋ်ကြွေးကြောင့် ယခုဘဝ၌ ဉာဏ်ထိုင်းလေသည်။ စူဠပန်အား နောင်တော်ရဟန်း မဟာပန်က သင်ပေးသော ဂါထာများကို တစ်ပိုဒ် တစ်ဂါထာမှမရ ဖြစ်နေ သည်။ ထိုအခါ မဟာပန်သည် ညီတော်စူဠပန်အား  သင်သည် ဘုရားသာသနာတော်နှင့် မည်သို့မျှ မထိုက်တန်၍ဆိုပြီး ကျောင်းမှနှင်ထုတ်လေသည်။ 

ထိုအခါ စူဠပန်သည် ကျောင်း၏တစ်နေရာမှနေ၍ ဝမ်းနည်းစွာငိုကြွေးနေသည်။ ဇီဝကသည် ဘုရားအမှူးရှိသော ဘုရားနှင့်တကွ သံဃာတော်များအား ဆွမ်းကပ်လိုသောကြောင့် ဆွမ်းညွှန် ရဟန်းဖြစ်သော မဟာပန်ရဟန်းအား မေးလျှောက်လေသည်။

ဘုရားရှင်နှင့်တကွ ရဟန်းဘယ်နှပါးရှိသလဲဟု မေးလျှောက်လေသည်။ မထေရ်လည်း ငါးရာရှိသည်ဆိုလျှင် ဇီဝကက ဘုရားနှင့်တကွ ရဟန်းငါးရာအား နံနက်သူ့အိမ်တွင်  ဆွမ်းဘုဉ်းပေးတော်မူရန် ပင့်လျှောက်ထားလေသည်။ 
မထေရ်က စူဠပန်ကို ချန်၍ ကျန်မထေရ် ၄၉၉ ပါးဖြင့် ကြွတော်မူအံ့။ စူဠပန်သည် တစ်ဂါထာကို လေးလမျှ သင်ကြားပြသရာ ဉာဏ်ထိုင်း၍ မရသောကြောင့် သင်သည် လှူသောဆွမ်းနှင့် မထိုက်တန်ကြောင်း ဇီဝကအား ပြောကြားလိုက်လေသည်။ ထိုစကားကို စူဠပန်ကြားသောအခါ သူ၏နောင်တော်သည် သူ့အား စိတ်ပျက်ဟန်ရှိသည်။ ထို့ကြောင့် သူသည် သင်္ကန်းဝတ်နှင့် မနေသင့်။ လူထွက်ပြီး ကုသိုလ်များ  ပြုလုပ်အံ့ဟုကြံ၍ နောက်တစ်နေ့ နံနက် မိုးလင်းသော် လူထွက်ရန် ကျောင်းမှငေးမှိုင်စွာ ထွက်သွားလေသည်။  

(ဆက်လက်ဖော်ပြပါမည်)