ဆရာကြည်

 

(၂၃-၁၀-၂၀၂၂ ရက်နေ့မှအဆက်)

 

ထိုအခါတွင် ရာဇဂြိုဟ်ပြည်၌ထင်ရှားသော တိတ္ထိကြီးခြောက်ဦးရှိပါသည်။ ၎င်းတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

 

(၁) ပူရဏကဿပ

 

၎င်းသည် သူတစ်ဦး၏ကျွန်ဖြစ်ပါသည်။ ဦးရေ တစ်ရာမြောက်မွေးသောကျွန်ဖြစ်၍ ၎င်းကို “ပူရဏ” ဟုလည်း အမည်ပေးထားပါသည်။ မင်္ဂလာကျွန်ဟု အလေးထားပါသည်။ အရွယ်ရောက်သော်၎င်းသည် သူဌေးအလယ်မှ ထွက်ပြေးသည်။ သူခိုးများက ၎င်း၏အဝတ်အစားများ ချွတ်ယူလိုက်သဖြင့်  ကိုယ်လုံးတီးအဝတ်မဖုံးဘဲ  ရွာတစ်ရွာသို့ ဝင်သွားလေသည်။  ၎င်းက  အဝတ်များမဝတ်သောကြောင့် ရွာသူရွာသားများမြင်သောအခါ  ၎င်းသည် အလိုနည်းသည့်ရဟန္တာအဖြစ်ထင်မှတ်၍ ချီးမြှောက်ပြီး မုန့်ဆွမ်းများပေးကြလေသည်။ သူသည်  ဤသို့ အဝတ်မဝတ်သောကြောင့် ဤလာဘ်လာဘကို ရသည်ဆို၍ နောင်ကိုလည်း အဝတ်မဝတ် ကိုယ်လုံးတီး အင်္ဂါမဖုံးဘဲ နေလေသည်။ သူ့ထံ၌ တပည့်ခံလာကြသော လူငါးရာသည်လည်း အဝတ်မဝတ်ဘဲ နေကြလေသည်။

 

ဤသို့ဖြင့် ၎င်းသည် “ပူရဏကဿပ” အမည်ဖြင့် ဂိုဏ်းဆရာတစ်ဦးအနေဖြင့် ထင်ပေါ်ကျော်ကြား လာလေသည်။ ၎င်းသည် ဘုရားအမည်ခံဖြင့် ကျော်ကြားလေသည်။

 

(၂) မက္ခိလိဂေါသာလ

 

၎င်းသည် အမည်ရင်းမှာ “မက္ခလိ” ဖြစ်သည်။ ဂေါသာလရွာ နွားခြံ၌ မွေးဖွားသောကြောင့် ၎င်းအား “မက္ခလိဂေါသာလ”ဟု အမည်တွင်လေသည်။ သူသည် ကျွန်တစ်ဦးလည်း ဖြစ်ပါသည်။ သူ၏သခင်က အိုးကိုထမ်းခိုင်းရာမှ မချော်လဲရန်မှာသည့်ကြားမှ ချော်လဲလေသည်။ သခင်ကိုကြောက်၍ ထွက်ပြေးရာ သခင်ကသူ၏ပုဆိုးကို ဆွဲလိုက်သဖြင့် ပုဆိုးကျွတ်လျက်နှင့် ပြေးလေသည်။ ၎င်းသည် ပူရဏကဿပကဲ့သို့ နောင်အခါ ဆရာကြီးတစ်ဦး ဂိုဏ်းဆရာကြီးဖြစ်ပြီး ဘုရားအမည်ခံသူဖြစ်ပါသည်။

 

(၃) အဇိတကေသကမ္ဗလ

 

၎င်း၏အမည်မှာ “အဇိတ” ဖြစ်ပါသည်။ သူသည် လူဆံပင်ဖြင့် ရက်လုပ်သော ကမ္ဗလာ အဝတ်ကိုဝတ်သဖြင့် “အဇိတကေသကမ္ဗလ”ဟူ၍ အမည်တွင်ပါသည်။ နောင်တွင် ၎င်းသည်လည်း ဂိုဏ်းဆရာကြီးတစ်ဦး ဖြစ်လာပါသည်။

 

(၄) ပကုဓကစ္စာယန

 

၎င်း၏အမည်ရင်းမှာ “ပကုဓ” ဖြစ်သည်။ ကစ္စာ ယနနွယ်ဖြစ်၍ “ပကုဓကစ္စာယန” ဟူ၍ ခေါ်ပါသည်။ သူလည်း နောင်တွင် ထင်ရှားကျော်ကြားသည့် ဂိုဏ်းဆရာတစ်ဦး ဖြစ်လာလေသည်။

 

(၅) သဉ္စယဗေလဋ္ဌပုတ္တ

 

သူ၏အမည်ရင်းမှာ “သဉ္စယ” (သိဉ္စည်း) ဖြစ်ပါသည်။ ဗေလဋ္ဌမည်သောသူ၏ သားဖြစ်၍ “သဉ္စယ ဗေလဋ္ဌပုတ္တ”ဟု အမည်တွင်သည်။ သူသည်လည်း နောင်တွင် ထင်ရှားသော ဂိုဏ်းဆရာကြီးတစ်ဦး ဖြစ်လာပါသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန်တို့၏ဆရာကြီးဖြစ်ဖူးပါသည်။

 

(၆) နိဂဏ္ဌနာဋပုတ္တ

 

၎င်းသည် ကိလေသာဟူသော အထုံးအဖွဲ့ (ဂဏ္ဌ) အနှောင့်အယှက်မရှိ၊ ကိလေသာကင်းရှင်းသူ (နိဂဏ္ဌ) ဟူ၍ သူထင်ရာမြင်ရာ အယူဝါဒအတိုင်း ပြောသည်။ ထို့ကြောင့် ၎င်းအား နိဂဏ္ဌဟူ၍တွင်လေသည်။ သူသည် နောင်သောအခါ၌ “နိဂဏ္ဌနာဋ ပုတ္တ” ဟူ၍ နာမည်ကြီးဂိုဏ်းဆရာကြီးတစ်ဦး ဖြစ်လာလေသည်။

 

 ပူရဏကဿပသည် အသားလွတ်သူသည် ရဟန္တာဖြစ်၍ သူ့အားဤသပိတ်ပေးရန် သူဌေးထံ တောင်းခံသည်။ သူဌေးကလည်း ပါးနပ်စွာဖြင့် အရှင်ဘုရားတန်ခိုးဖြင့် ယူတော်မူပါဟု ပြန်ပြောလေသည်။

 

ကျန်တိတ္ထိ ငါးဦးကလည်း ပရိယာယ်အမျိုးမျိုး ဆင်၍ပြောပြီး သပိတ်ကို တောင်းခံကြပါသည်။ သို့သော် သူဌေးကလည်း ရှေးနည်းတူတန်ခိုးဖြင့် ပျံတက်၍ သပိတ်ကိုယူပါဟု ပြောလေသည်။ ဤသို့ဖြင့် တိတ္ထိကြီးခြောက်ဦးသည် ယင်းသပိတ်များကိုမရဘဲ သူတို့နေရာသူတို့ ပြန်ကြကုန်သည်။

 

 စန္ဒကူးသပိတ်ကို အရှင်ပိဏ္ဍောလ ဈာန်ပျံ၍ယူခြင်း

 

အရှင်မောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလတို့သည် ရာဇဂြိုဟ်မြို့တွင်းဝင်၍ နံနက်ဆွမ်းခံရန်အတွက် မြို့တံခါးဝင် ကျောက်ဖျာကြီးပေါ်၌ သင်္ကန်းရုံတော်မူလေသည်။ ထိုအချိန်၌ သေသောက်ကြူးသော လူတစ်စုက သူတို့မြို့၏သူဌေးသည် စန္ဒကူးသပိတ်ကို ကောင်းကင်တွင်ထား၍ ယူနိုင်သူကိုပေးမည်ဟု ကြေညာသော်လည်း မိမိကိုယ်ကို ရဟန္တာပါဟု အမည်ခံသူအားလုံး ယင်းသပိတ်ကို ယူနိုင်ခြင်းမရှိ ကြောင်း။ ထို့ကြောင့် သူတို့အား ရဟန္တာပါဟု လာပြောကြသူ ရဟန်းများသည် ကြွားခြင်းသာဖြစ်၍ နားမထောင်လိုဟူ၍ ပြောဆိုနေကြပါသည်။

 

ထိုစကားကို အရှင်မောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလတို့ ကြားကြလေသည်။ ထို့ကြောင့် အရှင်မောဂ္ဂလာန်က ဤသည်ကို အမှတ်မဲ့နေလျှင် လူများသည် သာသနာတော်ကို ယုံမှားသံသယဖြစ်ကြမည်ဖြစ်သောကြောင့် အရှင်ပိဏ္ဍောလအား တန်ခိုးပြ ဆောင်ရွက်ရန် မှာကြားလေသည်။ ပိဏ္ဍောလသည် အရှင်မောဂ္ဂလာန်၏ ခွင့်ပြုချက်ဖြင့် အဘိညာပါဒ (အဘိဉာဏ်၏အခြေခံ) ဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ သုံးဂါဝုတ်ကျောက်ကြီးကို ခြေမနှင့်ညှပ်ယူပြီး ရာဇဂြိုဟ်မြို့ပေါ်၌ ဟင်္သာကဲ့သို့ လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူသည်။

 

ပြည်သူပြည်သားတို့သည် ဤအဖြစ်ကိုမြင်လျှင် ကြောက်လန့်ကြ၍ ရုန်းရင်းဆန်ခတ် ပြေးလွှားလျက် တချို့က အိမ်အောက်၊ တချို့ကတွင်းထဲ၊ တချို့က သစ်ပင်အောက်ဆီသို့ ပြေးဝင်ကြလေသည်။ ကျောက်ဖျာကိုဖယ်၍ သူ့ကို (ပိဏ္ဍောလ) ထင်ရှားပြလေသည်။ မထေရ်မြတ်သည် ကျောက်ဖျာကို တွန်းချပြီး သူဌေးအိမ် ထန်းပင်ခုနစ်ဆင့် မြင့်သောနေရာ၌ ရပ်တော်မူလေသည်။

 

သူဌေးသည် မထေရ်ကိုမြင်လျှင် အရှင်ဘုရား ဆင်းသက်တော်မူရန် လျှောက်ထားလေသည်။ မထေရ်လည်း ဆင်းသက်လာလေသည်။ သူဌေးကလည်း သူ၏အိမ်ထဲသို့ ပင့်ဆောင်ပြီး စန္ဒကူးသပိတ်ယူ၍ စတုမဓူ အပြည့်ထည့်ကာ ကပ်တော်မူလေသည်။ မထေရ်လည်း ကျောင်းတော်သို့ ပြန်လာလေသည်။

 

တန်ခိုးပြခြင်းကို မမြင်လိုက်ကြသော လူတို့သည် တန်ခိုးတော်ကို လူစုလူဝေးဖြင့် အုတ်အုတ် ကျက်ကျက်လုပ်လျက် ပြန်ပြခိုင်းလေသည်။ ဘုရားရှင်သည် ထိုအုတ်အုတ်ကျက်ကျက်အသံကို ကြားတော်မူလျှင် သဗ္ဗညုတဉာဏ်တော်ဖြင့် သိလျက် အရှင်အာနန္ဒာအား ဤဆူညံသံတို့က အဘယ်သို့နည်းဟု ခေါ်၍မေးသည်။ အရှင်အာနန္ဒာ ကလည်း ပိဏ္ဍောလတို့၏တန်ခိုးပြခြင်း အကြောင်းစုံ လျှောက်ထားလေသည်။ ဘုရားရှင်သည် ပဏ္ဍောလကိုခေါ်ပြီး ယင်းသစ်သားသပိတ်ကလေးကို အကြောင်းပြု၍ ဘာကြောင့် တန်ခိုးပြရသလဲဟု အပြစ်တင်စကားပြောပြီး တန်ခိုးမပြရဟူသော သိက္ခာပုဒ်ကို ပြဋ္ဌာန်း ပညတ်တော်မူလေသည်။ ၎င်းစန္ဒကူးသပိတ်ကို ကြိတ်ခွဲချေ၍ နောင်တွင်ရဟန်းတို့သည် သစ်သားသပိတ်ကို သုံးစွဲခြင်းမပြုရဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။

 

ဤသို့ဖြင့် ဘုရားရှင်က “ရဟန်းတို့ တန်ခိုးမပြရ” ဟူသော သိက္ခာပုဒ်နှင့် သစ်သားသပိတ်ကို ရဟန်းတို့ သုံးစွဲခြင်းမပြုရဟူသော သိက္ခာပုဒ်တို့ကို ပညတ်တော်မူခဲ့လေသည်။

 

 ဘုရားရှင် တန်ခိုးပြမည်ဖြစ်ကြောင်း မိန့်ကြားခြင်း

 

 ဘုရားရှင်သည် တန်ခိုးမပြရ သိက္ခာပုဒ်ကို ပညတ်ထားသည်။ ထိုသတင်းကို တိတ္ထိများသိ၍ ဝမ်းမြောက်ကြလေသည်။ ရဟန်းဂေါတမ၏ တပည့်တို့သည် သိက္ခာပုဒ်ကို လေးစားကြပါသည်။ စောင့်ထိန်းကြသည်။ ဤသို့ဖြင့် တိတ္ထိတို့သည် အခွင့်ကောင်းရ၍ အကြံအစည်ပြုလေသည်။

 

တိတ္ထိတို့သည် ကြွားဝါ၍ လူအပေါင်းတို့အား သူတို့စောင့်ထိန်းအပ်သော ဂုဏ်သိက္ခာစောင့်၍ ဤမျှသော တန်ဖိုးမဲ့ သစ်သားသပိတ်ကြောင့် မိမိတန်ခိုးတို့ကို မပြကြပါ။ ရဟန်းဂေါတမ၏တပည့်တို့သည် မိမိတို့၏ သိက္ခာကိုမျှ မထောက်ဘဲ တန်ဖိုးမရှိသော သစ်သားသပိတ်အတွက် တန်ခိုးပြကြသည်။ ရဟန်းဂေါတမသည် ပညာအနည်းငယ်ရှိ၍ ယခုကဲ့သို့ သူ့တပည့်များကို တန်ခိုးမပြရဟူသော သိက္ခာပုဒ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ သစ်သားသပိတ်ကိုလည်း ဖျက်ဆီးကြောင်း ပြောဆိုလေသည်။ ထို့အပြင် အကယ်၍ ရဟန်းဂေါတမ တန်ခိုးပြပါက သူ့ထက်သာအောင်ပြမည်ဖြစ်ကြောင်း၊ ယင်းသို့ နှစ်ဦးပြိုင်၍ တန်ခိုးပြသည့်အခါ သူသာ ကိုယ်သာကို ဘုန်းတန်ခိုးတေဇာကို လာကြည့်ကြကုန်ဟူ၍ တိတ္ထိတို့က ဝါဒဖြန့်လေသည်။

 

ဗိမ္ဗိသာရမင်းကြီးသည် တိတ္ထိတို့ဝါဒဖြန့်စကားကို ကြားပြီး ဘုရားထံသို့သွား၍ လျှောက်လေသည်။ ရဟန်းတို့ တန်ခိုးမပြရ သိက္ခာပညတ်သည်မှာ ဟုတ်ပါသလော လျှောက်ထားပါသည်။ မှန်ကြောင်း အဖြေပေးလိုက်သည်။ ဤပညတ်တော်ကြောင့် တိတ္ထိတို့သည် ဘုရားရှင်နှင့် တုဘက်တန်းပြိုင်ကြ မည်ဟူ၍ လှည့်လည်ဝါကြွား သတင်းလွှင့်နေကြပါသည်။ ဤသို့ပြုခြင်းကို မည်သို့ ပြုလုပ်ပါမည်နည်းဟု ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်အား လျှောက်ထား လေသည်။ ဤတိတ္ထိတို့ တန်ခိုးပြမည်ဆိုပါက သူကိုယ်တိုင်တန်ခိုးပြမည်ဖြစ်ကြောင်း ဘုရားရှင် က မင်းကြီးအား မိန့်ဆိုလိုက်လေသည်။

 

(ဆက်လက်ဖော်ပြပါမည်)