ဦးရဲထွန်း
ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) (YMBA)
၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာနိုင်ငံ သူ နိုင်ငံသား အားလုံး၊ ရဟန်းရှင်လူ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ၊၊
နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နဲ့အညီ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားဖို့အတွက် အလေးအနက် တိုက်တွန်းလိုပါတယ်၊၊ အသင်းကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာ၊ ပညာနဲ့နိုင်ငံ အရေးများတွင် (YMBA)အသင်းကြီးမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်၊၊ ၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယမှ စတင် ပြီး မြန်မာပြည်သူ ပြည်သားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲကာ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားကြဖို့တိုက်တွန်းရင်း နိုင်ငံတစ်ဝန်းအေးချမ်းသာယာ စေဖို့အတွက် ဆုတောင်း မေတ္တာပို့သအပ်ပါတယ်၊၊
ဦးဝဏ္ဏ
ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
ယနေ့ဟာ ခရစ်သက္ကရာဇ် ၂၀၂၄ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်ကာလသို့ရောက် ရှိလာသော အခါသမယဖြစ်ပါတယ်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ နိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြလျက် အေးချမ်းသာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကြီးရဲ့ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ဘာသာကြီး (၄)ရပ်၏ စုပေါင်းအားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူ တကွ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့်အတိုင်း -
- သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ သွားရောက်၍ ဝိုင်းဝန်းကူညီ ထောက်ပံ့ခြင်း
- မျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်း
- သွေးလှူဒါန်းမှုများပြုလုပ်ခြင်း
- အခမဲ့အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့အား လစဉ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဘာသာကြီး(၄)ရပ်၏ ရိုးရာ ပွဲတော်များကိုလည်း စုပေါင်းကျင်းပ ၍ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီ သို့ဆိုသည့် ဆောင်ပုဒ်အား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
စည်းလုံးခြင်းသည် အင်အားဖြစ်သည့်အတွက် ဘာသာကြီး (၄) ရပ်အပေါ် သက်ဝင်ယုံကြည်ကြတဲ့ တိုင်းရင်းသားများ၊ နိုင်ငံသားများနဲ့ လူမျိုးစုများအားလုံး တို့သည် မိမိတို့ မှီတင်းနေထိုင်ရာ၊ အခြေပြုရာ မြန်မာနိုင်ငံကြီးအပေါ် သစ္စာရှိစွာဖြင့် နိုင်ငံအကျိုး ဝိုင်းဝန်းသယ်ပိုးကြပါ၊ ကာကွယ်စောင့်ရှောက်ကြပါ၊ ညီညွတ်ကြပါလို့ တိုက်တွန်းရင်း မြန်မာနိုင်ငံကြီး အေးချမ်းသာယာ ပါစေကြောင်း၊ ငြိမ်းချမ်းပါစေကြောင်း ထပ်လောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ။
ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)
ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)
ဂေါတမမြတ်စွာဘုရားရဲ့ မေတ္တာကြောင့် မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာ ယာပါစေ။
မဟာပိန္နဲဘုရားရဲ့ မေတ္တာကြောင့် ပြည်တွင်း ပြည်ပရန်များကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော် ကြီးဖြစ်ပါစေ။
၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ် နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံ သားအားလုံး ကျန်းမာချမ်းသာသုခ ပြည့်စုံကြပါစေ၊ အခက်အခဲများ ကိုလည်း ကျော်နိုင်ပါစေ။ မိမိတို့နိုင်ငံမှာ လိုအပ်ချက် နှစ်ခုပဲရှိပါတယ်။ တစ်ခုကတော့ မေတ္တာ များများ ထားပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ အလုပ်များများလုပ်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် မိမိတို့နိုင်ငံမှာ အနာဂတ်ရတနာလူငယ်များအတွက် အလုပ်များများ လုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အလုပ်များများ လုပ်ပေးတဲ့အခါ အခက် အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ဒါမှလည်း မြန်မာနိုင်ငံက ချမ်းသာတဲ့နိုင်ငံဖြစ်မှာပါ။
၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ် နှစ်သစ်မှာ မေတ္တာပို့သအပ်ပါတယ်။ မေတ္တာတရားထားဖို့ဆိုရင် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက မေတ္တာတရား အချမ်းသာ ဆုံး နိုင်ငံဖြစ်တာကြောင့် မေတ္တာတရား များများထားဖို့လိုပါတယ်။ အခုလာမယ့် နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ မကောင်းတာတွေ၊ သဘောထားကွဲလွဲမှု တွေကို ဖယ်ရှားကြပါ။ အတူတကွ အလုပ်လုပ်ပြီး မိမိတို့နိုင်ငံချမ်းသာတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားကြပါစို့၊၊
ဦးသောမတ်(စ်) (ခရစ်ယာန်ဘာသာ)
ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)
Shalom (ငြိမ်းချမ်းပါစေ)
၂၀၂၄ ခုနှစ်ကုန်လွန်ပြီး ၂၀၂၅ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ခရစ်ယာန် ဘာသာဝင်အနေနဲ့ အခုလိုနှုတ်ခွန်းဆက် စကားပြောကြားခွင့်ရလို့ ဝမ်းသာဂုဏ်ယူ မိပါတယ်ခင်ဗျာ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ လူမျိုးဘာသာ အဆင့်အတန်း မခွဲခြားဘဲ အတူတကွ မှီတင်းနေထိုင်လျက်ရှိကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေနဲ့လည်း နိုင်ငံ တစ်ဝန်း လူမှုဘဝတည်ငြိမ်အေးချမ်းရေးအတွက် တတ်အားသရွေ့ ပါဝင်လက်တွဲ လုပ်ဆောင်လျက် ရှိပါတယ်ခင်ဗျာ။
၂၀၂၅ ခုနှစ် နှစ်သစ်မင်္ဂလာမှာ မြန်မာပြည်သူ ပြည်သားများအားလုံး ပိုမိုတိုးတက် ငြိမ်းချမ်းသာယာ၊ ကျန်းမာ ပျော်ရွှင်ပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
အားလုံးကို ထာဝရဘုရားသခင် ကောင်းချီးပေးပါစေ။
ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)
ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ -
၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဘယာဝေးကွာ၍ ကျန်းမာချမ်းသာပြီး အေးချမ်းသာယာပါစေကြောင်း အစ္စလာမ်ဘာသာဝင်များ ကိုယ်စား ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီးမှာ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ဘာသာမတူ၊ လူမျိုးမတူ၊ ကိုးကွယ်ရာ မတူပေမယ့် လည်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် တစ်ဦး၏ ဘာသာအယူဝါဒကို တစ်ဦးကအပြန်အလှန် လေးစားကြ၍ တစ်ဦးနှင့်တစ်ဦး မေတ္တာ တရားရှေ့ထား ပြီး ချစ်ချစ်ခင်ခင် အေးချမ်းစွာနေထိုင်လာတဲ့ မြန်မာနိုင်ငံကြီးဖြစ်ပါတယ်။
ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေနဲ့လည်း နိုင်ငံတော်အတွက် လိုအပ်သော တည်ငြိမ်အေးချမ်းသာယာရေး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များကလည်း ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိပါတယ်။
အခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူး အခါသမယမှာ မကောင်းမှုအညစ် အကြေးများအားလုံး ဆေးကြောသန့်စင် ပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးအတွက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ဝိုင်းဝန်း ကူညီ သယ်ပိုး ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ။



