မြင့်စိုး(နတလ)

ကျော်ဟိန်း၊ မေသန်းနုတို့ရဲ့ ဗာရာဏသီ

ယခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ပထမပတ်ထဲမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၏ ခရီးစဉ်နှင့်အတူ ပူတာအိုဒေသသို့ ပြန်လည်လိုက်ပါ၍ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေဆိုင်ရာ ရုပ်သံအစီအစဉ် ရိုက်ကူးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြားတို့ ပူးပေါင်းစီစဉ်ရိုက်ကူးခဲ့သော “အိပ်မက်လမ်းသို့ခရီးရှည်” ရုပ်သံအစီအစဉ်အား ၄၅ မိနစ်ကျော်မျှ အချိန်ပေးတည်းဖြတ်၍ ဇန်နဝါရီ ၂၆ ရက်၊ ၂၇ ရက်များမှာ ထုတ်လွှင့်ပြသပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုခရီးစဉ်တွင် ကျွန်တော်၏ ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် သက်မွန်မြင့်နှင့်နတ်ကျွန်းသို့ သွားခဲ့သည်ဆိုပြီး တင်လိုက်ရာ အသိမိတ်ဆ ွေတော်တော်များများက ကျွန်တော်တင်လိုက်သည့် ဓာတ်ပုံတွေထဲမှာ သက်မွန်မြင့်ကို လိုက်ရှာကြသည်။ သက်မွန်မြင့်က ဘယ်မှာလဲဟူ၍လည်း မေးကြ၏။ ရုပ်သံအစီအစဉ်အတွက် MRTV ရိုက်ကူးရေးအဖွဲ့ကလည်း ကျွန်တော်တို့နှင့်အတူ ရှိနေပေရာ ထင်ယောင်ထင်မှားဖြစ်ပြီး သက်မွန်မြင့်ကို ဝိုင်းရှာနေကြတာဖြစ်မည်။ အမှန်ကတော့ သက်မွန်မြင့်ဆိုသည်မှာ မချမ်းဘော့မြို့နယ်အနီး နောင်ခိုင်ဆိုသော ရွာလေးကနေ နတ်ကျွန်းရှိရာသို့ မလိခမြစ်ကြောင်းအတိုင်း သွားရောက်စဉ် ကျွန်တော်တို့အဖွဲ့ ငှားစီးသွားသော စက်လှေကလေး၏ အမည်ဖြစ်ပါသည်။ သက်မွန်မြင့်တဲ့။

ယခုလည်း အထက်ကခေါင်းစဉ်ကိုကြည့်ပြီး ဦးပဥင်းကြီး ဦးကျော်ဟိန်း၊ ဒေါ်မေသန်းနုတို့နှင့် အိန္ဒိယပြည်ဗာရာဏသီမြို့ကြီးမှာ တကယ်ပဲ  ဆုံခဲ့ကြလေသလားဟု ထင်ယောင်ထင်မှား မဖြစ်စေလိုပါ။ သို့သော် တွေ့ခဲ့တာကတော့ အမှန်ပင်ဖြစ်၏။ ဗာရာဏသီမြို့ မိဂဒါဝုန်မြန်မာကျောင်းအနီး ဦးစမြဏိလမ်းပေါ်မှာ ကုလားကျော်ဟိန်း လက်ရက်ပိုးထည်ဆိုင်တဲ့။ ကုလားကျော်ဟိန်းဆိုသည့် ဆိုင်ပိုင်ရှင်ကတော့ အရွယ်ငယ်ပါသေးသည်။ (ဦး) ကျော်ဟိန်းနှင့်တော့မတူ၊ မြန်မာလိုတော့မွတ်နေသည်။ မြန်မာလို မွတ်နေရုံမျှမက ဆိုင်ရှေ့မှာရေးထားသည့် ကြော်ငြာကိုလည်း ကြည့်ပါဦး။ ဓမ္မစကြာလက်ရက်ပိုးထည်ဆိုင်ဆိုပဲ။ ကမ္မဝါဖတ်ဖို့ပဲ ကျန်ပါတော့သည်။ ထပ်ပြီးတွေ့ခဲ့ပြန်ပါသည်။ မေသန်းနုဆာရီ အရောင်းဆိုင်ဟူ၏။ ဒါတင်ပဲလားဆိုတော့ မြစ်ဝကျွန်းပေါ်သား စကားနှင့်ပြောရလျှင် ဘယ်ကလိမ့်မတုံး၊ အောတိုက် (အများကြီး) ကျန်ပါသေးသည်။

ရွှေကျား မြန်မာဆိုင်ဟုခေါ်သော ဒေါ်တင်ရွှေနှင့် သား ကိုလှမြင့် အင်ဒို-မြန်မာ လက်မှုပစ္စည်းနှင့် အထည်အလိပ်ပစ္စည်း အရောင်းဆိုင်ဆိုတာကိုလည်း တွေ့ရပါသေးသည်။ ဆိုင်ကတော့ ပိတ်ထား၏။ မြန်မာဘုရားဖူးအဖွဲ့တွေ ဆိုင်နာမည်ကြားလိုက်၊ မြင်လိုက်ရုံနှင့် ထင်းခနဲလင်းခနဲ အာရုံစူးစိုက်သွားအောင် အမည်ပေးတတ် လုပ်တတ် ကိုင်တတ်တာတွေကတော့ ချီးကျူးစရာပင်။ ကျွန်တော်တို့အဖွဲ့ စီးလာသော အမှတ် (၂၅-စီ) မော်တော်ယာဉ်ပေါ်မှ အကူဝန်ထမ်းလေး၏ နာမည်ကလည်း ဒွေးဆိုပဲ။

အထွတ်အမြတ်နေရာ မိဂဒါဝုန်တောဟေမာ

ဘုရားအဆူဆူတို့ ဖွားရာ၊ ပွင့်ရာ၊ တရားဦးဟောရာ၊ ပရိနိဗ္ဗာန်စံရာ နှင့် မစွန့်ပယ်အပ်သော သံဝေဇနိယလေးဌာန၊ အဝိဇဟိတ လေးဌာနတို့သည် မရေတွက်နိုင်သော မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို ရည်မှန်းပူဇော်ဖူးမြော်ကြည်ညို ကုသိုလ်ယူ သဒ္ဒါပွားနိုင်သော နေရာများဖြစ်၍ အမွန်မြတ်ဆုံးသော နေရာများဖြစ်ကြပါသည်။ ထိုအထဲတွင်မှ ယနေ့သွားရောက် ဖူးမြော်ကြည်ညို ကြမည့်နေရာမှာ ဓမ္မစကြာတရားဦး ဟောကြားရာ သာရင်္ဂနာထ (ခေါ်) မိဂဒါဝုန်တောဟေမာပဲ ဖြစ်ပါသည်။ ဘုရားဖူးအဖွဲ့တည်းခိုရာ မိဂဒါဝုန်မြန်မာကျောင်းနှင့် သိပ်မဝေးလှ။ ကားဖြင့် မိနစ်ပိုင်းမျှသာ သွားခဲ့ရသည်။ မိဂဒါဝုန်တောကို ပါဠိဘာသာအားဖြင့် ဣသိပတနဟူ၍လည်းကောင်း၊ မိဂဒါယ-မိဂဒါဝန ဟူ၍လည်းကောင်း၊ သာရင်္ဂနာထ-သာရနာထဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။ ပထမအမည် ဣသိပတနမှာ ဟိမဝ္တာတောင်မှ ရသေ့သူတော်စင်များ ဈာန်ဖြင့် မိဂဒါဝုန်တောသို့ ဆင်းသက်ရာ ပြန်ကြွရာအရပ်ဖြစ်သည်။ ဒုတိယအမည် မိဂဒါယ-မိဂဒါဝနမှာ ဤတောထဲရှိ သားသမင်များကို မည်သူတစ်ဦးတစ်ယောက်ကမျှ သတ်ဖြတ်ခြင်းမပြုစေရဟု ဗာရာဏသီမင်းကြီးကိုယ်တိုင် အမိန့်ထုတ်၍ ဘေးမဲ့ပေးထားသော တောဖြစ်သည်။ တတိယအမည်သာရင်္ဂနာထ-သာရနာထဆိုသည်မှာ နိဂြောဓသမင်မင်းကို အမှီပြု၍ သမင်အပေါင်းတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ခဲ့ကြသောနေရာဟူ၍ အဓိပ္ပာယ်ရပါသည်။ ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး မဟာသက္ကရာ ဇ် ၁၀၃ ခုနှစ်ဝါဆိုလပြည့် စနေနေ့တွင် ဗုဒ္ဓဂယာမှ ၁၈ ယူဇနာ (မိုင် ၁၅၀ခန့်) ဝေးသော မိဂဒါဝုန်တောသို့ ခြေကျင်ခရီးဖြင့်သာ ကြွမြန်းတော်မူခဲ့ကြောင်း၊ ထိုသို့ကြွရခြင်းမှာ လမ်းခရီးတွင် ဥပကတက္ကတွန်းအား သာသနာတော်သို့ ဝင်ရောက်ကာ ကျွတ်တန်းဝင်စေရန် ဖြစ်ကြောင်း သိရပါသည်။ ယင်းသို့ကြွတော်မူပြီး စနေနေ့ ညနေချမ်းအချိန်မှစတင်ကာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား စတင်ဟောကြားတော်မူခဲ့ရာ ဒေသနာတော်အဆုံးတွင် ပဉ္စဝဂ္ဂီငါးဦးထဲမှ ကောဏ္ဍညမထေရ်နှင့် ဗြဟ္မာပေါင်းများစွာ သောတာပန်တည်ခဲ့ကြပြီး လပြည့်ကျော် ၄ ရက်နေ့တွင် ပဥဝဂ္ဂီငါးဦးလုံး သောတာပန် အရိယာပုဂ္ဂိုလ်များဖြစ်ကာ ဧဟိဘိက္ခုရဟန်းတော်များ ဖြစ်ခဲ့ကြသည်။

ဆက်လက်၍ သောတာပန်ဖြစ်သွားကြသော ပဥဝဂ္ဂီငါးဦးတို့အား “ရူပံဘိက္ခဝေအနတ္တာ” စသည်ဖြင့် ရုပ်နာမ်တရားတို့ဖြင့် တည်ဆောက်ထားသော အရာမှန်သမျှ အစိုးမရဟူသော အနတ္တလက္ခဏ သုတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် မိဂဒါဝုန်တောဟေမာသည် မြတ်ဗုဒ္ဓ၏ ဓမ္မရတနာပေါ်ထွန်းတော်မူရာ ဖြစ်သကဲ့သို့ ယသသူဌေးသားနှင့် သူငယ်ချင်း ၅၄ ဦး အပါအဝင် ရဟန်းသံဃာများ စတင်ကာ သံဃာရတနာပေါ်ထွန်းတော်မူရာ အရပ်ဒေသတစ်ခု ဖြစ်ခဲ့သည်။

ဓမ္မရာ ဇိက၊ ဓမ္မေခနှင့် ချောက်ခန္တီစေတီတော်များ

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အသောကမင်းကြီးသည် ဘီစီ ၃ ရာစုတွင် မိဂဒါဝုန်တောသို့ ဘုရားဖူးရောက်ရှိလာခဲ့ပြီး ဓမ္မစကြာ တရားဦးဟောတော်မူရာ၌ ဓမ္မရာ ဇိကစေတီတော်ကို တည်ထားခဲ့သည်။ ယခုအခါ ခုံဝိုင်းပုံသ္ဌာန်အုတ်ခုံကြီးသာ ကျန်ရှိနေသော်လည်း ယင်းစေတီ၏ ဌာပနာတိုက်တွင် မြတ်ဗုဒ္ဓ၏ဓာတ်တော်များ ကိန်းဝပ်တော်မူနေကြောင်း သိရှိရပါသည်။ ထိုနည်းတူစွာ ပဥဝဂ္ဂီငါးဦးတို့အား အနတ္တလက္ခဏသုတ် ဟောကြားတော်မူသည့် နေရာ၌ ဉာဏ်တော်အမြင့် ၃၃ ဒသမ ၅၃မီတာ၊ အောက်ခြေလုံးပတ်တော် ၂၈ ဒသမ ဝ၆ မီတာရှိ ဓမ္မေခစေတီတော်ကြီးကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ မူလလက်ရာ အတိုင်း ဖူးမြော်ခွင့် ရနေသေးပြီး  အောက်ခြေလုံးပတ်တော်တွင် ဖောက်ထားသော လိုဏ်ပေါက်များ၌ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ စံပယ်တော်မူလျက်ရှိသည်။ အထူးမှတ်သားသင့်သည်မှာ ဤနေရာ၌ပင် မြတ်စွာဘုရားရှင်သည် အလောင်းတော် အရိမေတ္တယျအား ဘုရားဖြစ်မည့်ဗျာဒိတ်ပေးတော်မူခဲ့သည်ဟုဆို၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်ခဲ့သော်ငြားလည်း ဘုရားမဖြစ်ခဲ့သည့် သိဒ ̈တ္ထရဟန်း မိဂဒါဝုန်တောသို့ ြွကလာသည့်အခါ ဘုရားဖြစ်ကြောင်း၊ တရားဦးဟောရန်လာကြောင်း မသိကြသဖြင့် မည်သူကမျှ ခရီးဦး မကြိုကြရန် ကတိကဝတ်ပြုခဲ့ကြသည့် ပဥဝဂ္ဂီငါးဦး ဘုရားရှငြွ်ကလာသောအခါ မေတ္တာကွန်ရက်လွှမ်းခြုံခံရ သောကြောင့် သပိတ်ကိုယူသူကယူ၊ ခြေဆေးသူကဆေးပေး၊ သင်္ကန်းကိုယူသူကယူနှင့် ခရီးဦးကြိုဆိုခဲ့ကြသည်။ အသောကမင်းကြီးက ဤနေရာတွင် ချောက်ခဏ္ဍီစေတီကို တည်ခဲ့သည်။ အဆိုပါစေတီများအား ကျွန်တော်တို့ ဘုရားဖူးအဖွဲ့က နံနက် ၇ နာရီခွဲမှ စတင်ဖူးမြော်ကာ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။

သေလိုက်ပါတော့ နန္ဒိယရယ်

အရှင်မောဂ္ဂလာန် တာဝတိံသာ နတ်ပြည်သြွို့ကလာသောအခါ ဘုံဗိမာန်တစ်ခုကို နတ်သမီးတစ်ဖက်ငါးရာစီ စောင့်ကြပ်လျက်ရှိကြောင်း တွေ့ရသည်။ လူ့ပြည်ရှိ နန္ဒိယသူဌေးသားသေပါက နတ်သားဘဝဖြင့် ခံစားရန် ဘုံဗိမာန်ကြိုတင် ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နန္ဒိယမြန်မြန်သေပါရန် နတ်သမီးတို့က အရှင်မောဂ္ဂလာန်မှတစ်ဆင့် သတင်းစကားပါးလိုက်ကြောင်း သိရသည်။ ထိုနန္ဒိယသူဌေးသားဆိုသည်မှာ မိဂဒါဝုန်တော၌ မြတ်စွာဘုရားရှင် ပထမဆုံး ဝါဆိုဝါကပ်တော်မူခဲ့သော နန္ဒိယကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သူဖြစ်သည်။ မူလဂန္ဓကုဋိတိုက်ဟူ၍လည်း ခေါ်တွင်ပြီး ဓမ္မရာ ဇီကစေတီအုတ်ခုံနှင့်ကပ်လျက် တည်ရှိနေသည်။ သူ၏ဇနီးမှာ ရတနာသုံးပါးကို မယုံကြည်သည့်အပြင် သဒါတရားချို့တဲ့လွန်းသဖြင့် သေလွန်သည့်အခါ ငရဲသို့လားရသည်ဆို၏။

အသွင်မတူ အိမ်သူမဖြစ်ဆိုသည့်သဘော။ ကျွန်တော်တို့ ဘုရားဖူးအဖွဲ့သည် ဓာတ်တော်တိုက်ဟုခေါ်တွင်သည့် သီရိလင်္ကာနိုင်ငံမှ သူတော်စင်အနာဂါရိကဓမ္မပါလ တည်ထားခဲ့သော မူလဂန္ဓကုဋိတိုက်ကိုလည်းကောင်း၊ ၎င်းအနီးမှ ဗောဓိပင်နှင့် ရုပ်ပွားတော်များကိုလည်းကောင်း ဖူးမြော်ခဲ့ကြသည်။

အသောကကျောက်စာတိုင်၏ သင်္ကေတများ

အသောကမင်းသည် မြတ်စွာဘုရားကိုအကြောင်းပြု၍ စေတီပုထိုးများ တည်ထားသည့်အခါ အမြင့်၁၇ မီတာခန့်ရှိ အထိမ်းအမှတ်ကျောက်စာတိုင်ကြီးများ အမှတ်တရစိုက်ထူလေ့ရှိသည်။ တိုင်ထိပ်တွင် ဆင်၊ မြင်း၊ ခြင်္သေ့၊ နွားအစရှိသည့် အရုပ်လေးရုပ်ကိုတင်၍ ၎င်းတို့အထက်၌ ဓမ္မစကြာစက်ဝိုင်းပုံကို ထုဆစ်ထားပါသည်။ ဆင်ကဲ့သို့အားကြီးသော၊ မြင်းကဲ့သို့ လျင်မြန်သော၊ ခြင်္သေ့ကဲ့သို့ ဩဇာအာဏာကြီးသော၊ နွားလားဥဿဘကဲ့သို့ သည်းခံနိုင်စွမ်းရှိသော အဓိပ္ပာယ်ကိုဆောင်ကြောင်း၊ ခြင်္သေ့လေးကောင် (သို့မဟုတ်) မြင်းလေးကောင်တို့ကို ကျောချင်းကပ် ထုဆစ်လေ့ရှိပါသည်။ အချို့ကျောက်စာတိုင်များမှာ ကျိုးပဲ့ပျက်စီးခဲ့ပြီဖြစ်၏။

အဆင်ပြေစွာ ဈေးဝယ်နေကြသူများ

ဗာရာဏသီမြို့မှာ ကော်ဇော၊ ဆာရီနှင့် နံ့သာဆီများ ပေါများသည်။ ညနေပိုင်း ကိုယ်ပိုင်အားလပ်ချိန်များတွင် ဈေးဝယ်ထွက်ကြ၏။ ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ရှေ့မှာ ယောက်ျားသားတွေ ကုလားထိုင်ကိုယ်စီဖြင့် ထိုင်စောင့်နေသည်(သို့မဟုတ်) မိုးတိုးမတ်တတ် ဟိုလျှောက်ဒီလျှောက် လုပ်နေကြပြီဆိုလျှင် သေချာပြီ၊ သူတို့ဇနီးတွေက ထွက်မလာစတမ်း ရွေးဟယ်၊ ဖယ်ဟယ်၊ ချဟယ်၊ ဈေးဆစ်ဟယ်နှင့် စိတ်ကြိုက်ဝယ်နေကြပြီ။ မောင်မင်းကြီးသားများ စိတ်ရှည်ရှည်ထား၍သာ စောင့်ကြပေတော့။ ယခုခရီးစဉ်မှာ နှစ်နေရာလောက်ကူး၍ သွားလိုက်သည်ဆိုသည်နှင့် သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးကိစ္စဝိစ္စအားလုံး အဆင်ပြေချောမွေ့နေကြောင်း တွေ့ရသဖြင့် စီစဉ်သူ သူငယ်ချင်းများနှင့် မတည်အလှူရှင်များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးသိန်းဦး၊ ဦးကောင်းစံဦးနှင့် ဗိုလ်ချုပ်တင်ထွန်းအေး (ငြိမ်း)တို့ကို ကျေးဇူးစကားဆိုပါရစေ။

ကြေးမုံ