မြင့်စိုး  (နတလ)

ဗာရာဏသီကြိုးနှင့်ချည်

မင်းမသိ ဗြဟ္မဒတ် ပြည်မသိတော့ ဗာရာဏသီသို့ဆိုသည့်စကားကို ငယ်စဉ်ကပင် ကြားခဲ့ဖူးပါသည်။ ဤသို့ဆိုလျှင် မင်းတို့လောက၌ ဗြဟ္မဒတ်မင်းကြီးသည်လည်းကောင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့အလယ်တွင် ဗာရာဏသီပြည်သည်လည်းကောင်း၊ မသိသူမရှိ ဆိုရလောက်အောင် ထင်ရှားကျော်ကြား သြဇာတိက္ကမ ကြီးမားခဲ့ပါလိမ့်မည်။ ထို့ပြင်တဝ သီချင်းတစ်ပုဒ်ထဲမှာလည်း ဗာရာဏသီကြိုးနှင့်ချည်ဆိုသည့် စာသားကို ကြားခဲ့ဖူးသည်။ သို့သော် ဘယ်သူကဘာကို ကြိုးနဲ့ချည်သလဲဆိုတဲ့အထိတော့ မတွေးခဲ့မိပါ။ ယခုဘုရားဖူးခရီးစဉ်မှာ တာဝန်ရှိသူတစ်ဦးရှင်းပြ၍ သိလိုက်ရသည်ကတော့ ရှေးအခါက ဗာရာဏသီမြို့တွင် ပြည်သူပြည်သား လူများစွာတို့ လာရောက်မှီတင်းနေထိုင်ကြသဖြင့် ကြက်ပျံမကျ တိုးမပေါက်အောင်စည်ကားခဲ့ပြီး မြို့တွင်းမှာ လူတွေဘယ်လောက်ထိ များပြားနေသလဲ ဆိုရပါမူ အတူသွား အတူလာသူချင်းတွေ လူချင်းကွဲကွာသွားမည်စိုး၍ တစ်ယောက်လက် တစ်ယောက်ကြိုးချည်ကာ သွားလာခဲ့ကြရသည်ဆို၏။

ဗာရာဏသီပြည် ဗာရာဏသီမြို့တော်ကြီးက မည်၍မည်မျှ ကြီးကျယ်ခမ်းနားခဲ့သည်တော့ မသိ၊ ဓာတ်ပုံထဲတွင် တွေ့မြင်ခဲ့ဖူးသော ဗာရာဏသီနန်းတော်ကြီးကမူ နှစ်ကာလကြာညောင်း၍ အိုမင်းရင့်ရော်လာစေကာမူ ရှေးခေတ်ပန်းပုလက်ရာ အမွှမ်းအပြောက်များဖြင့် ခမ်းနားထည်ဝါမှု အရှိန်အဟုန် မြင့်မားနေဆဲ၊ လသာဆောင် ခန်းမဆောင်ကြီးများအား စနစ်တကျ လှပစွာ တည်ဆောက်ထားမှုအပေါ် အံ့သြမှင်တက်နေရဆဲ။ ဟိန္ဒူဘုရင်အဆက်ဆက် စိုးစံခဲ့ရာ ဗာရာဏသီ နန်းတော်သည် ဂင်္ဂါမြစ်၏ အရှေ့ဘက်ကမ်းခြေ၊ ရာမနဂရ်အရပ် တူလဆီဆိပ်ကမ်းနှင့် မျက်စောင်းထိုးနေရာတွင်ရှိကြောင်း၊ ဤနန်းတော်ကြီးကို ရာမနဂရ်ခံတပ် (Ramnagar Fort) ဟုလည်း ခေါ်တွင်ကြကြောင်း သိရသည်။ ဤမည်သော ဗာရာဏသီမြို့ကြီး၏ မြောက်ဘက် ရှစ်ကီလိုမီတာခန့်အကွာတွင် တည်ရှိနေသော မိဂဒါဝုန်တောသည် မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟော်တော်မူရာ၊ အနတ္တလက္ခဏသုတ် ဟော်တော်မူရာ သံဝေဇနိယ လေးဌာနထဲမှာ တစ်ပါးအပါအဝင်ဖြစ်၍ ကျွန်တော်တို့ သွားရောက်ဖူးမြော်ကြပါဦးမည်

သာရင်္ဂနာထ (ခေါ်) မိဂဒါဝုန်တောရှိရာကို

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဂယာမြို့ ဗောဓိဓမ္မရိပ်သာကျောင်း၌ ဆရာတော်၊ သံဃာတော်များအား သူငယ်ချင်း ဦးကောင်းစံဦး-ဒေါ်နီလာအေး ၊ (သမီး) မပွင့်ပြည့်စန္ဒီဦး၊ (သား) မောင်ကောင်းမြတ်မိသားစုက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ကျွန်တော်တို့အားလုံး နံနက်စာစားပြီးသည်နှင့် ယာဉ်သုံးစီးဖြင့်လက်ယာရစ် ဘုရားဖူးခရီးစဉ် စတင်ထွက်ခွာပါသည်။ နံနက် ခုနစ်နာရီ စွန်းစွန်းလေးမှာ ထွက်ခဲ့ကြရာ မိနစ် ၄၀ ခန့် မောင်းအပြီး ကိုးလ်ကတ္တားသို့ သွားရောက်ရာ လမ်းဆုံသို့ရောက်သည်။ ထိုလမ်းဆုံမှ ကိုးလ်ကတ္တားအထိ မိုင် ၃၀ ခန့်ရှိကြောင်း သိရသည်။ မိမိတို့မောင်းနှင်လာရာ လမ်းတစ်လျှောက် ကားလမ်းအခြေအနေကို လေ့လာကြည့်ရာ နှစ်လမ်းသွား ကွန်ကရစ်လမ်းဖြစ်၍ အတန်အသင့် ကောင်းမွန်ပါသည်။ ကားပေါ်တွင် ဖွင့်ပေးထားသော သီတဂူဆရာတော်ကြီး၏ ရာဟုလာ အမွေတောင်းခန်းတရားကို နာယူရင်း ငယ်စဉ်က ကြည့်ရှုနားထောင်ခဲ့ရသည့် အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ဇာတ်မှ ဗုဒ္ဓဝင်လေးတော်တင်ခန်း၊ ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းဇာတ်မှ ရာဟုလာ အမွေတောင်းခန်း နောက်ပိုင်းဇာတ်ထုပ်များကို ပြန်လည်အမှတ်ရမိသည်။ နံနက် ၉ နာရီခွဲခန့်တွင် ရွှေမြစ်ကိုဖြတ်သည်။ မီးရထားရော ကားပါသွားနိုင်သည့် တံတားဖြစ်ပြီး မြေပုံအရတော့ ဆုန်းမြစ်ဟု ခေါ်တွင်ကြောင်း သိရသည်။ ဒေသအခေါ်ပဲလားတော့မသိ။ တံတားအရှည်က နှစ်မိုင်ခွဲခန့်ရှိသည်။

ဟာသတွေနှော တသောသောနှင့်

ဘုရားဖူးအဖွဲ့ဝင် ရဟန်းရှင်လူများကို ကားသုံးစီးတွင်အညီအမျှ ခွဲဝေလိုက်ပါစေပြီး အောင်ချမ်းသာ Tours ၏ ဘုရားဖူးအမှတ်စဉ်များအရ ၂၅(အေ)၊ ၂၅(ဘီ)၊ ၂၅(စီ) စသည့်ဖြင့် သတ်မှတ်ပေးထားသည်။ ၂၅(အေ)တွင် အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့်နှင့် ဒုခေါင်းဆောင် ဦးမျိုးဝင်း၊ ၂၅(ဘီ) တွင် အဖွဲ့ခေါင်းဆောင် ဦးထွန်းစိန်နှင့်ဒုခေါင်းဆောင် ဦးစိန်သောင်း၊ ၂၅(စီ)တွင် အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဦးနှင့် ဒုခေါင်းဆောင် ဦးကျော်သိန်းဟူ၍ သတ်မှတ်ပေးထားပြီး သူတို့၏တာဝန်ကတော့ Tours  အဖွဲ့နှင့်ပူးပေါင်း၍ မိမိတို့ယာဉ်အလိုက် ထွက်ခွာချိန်၊ ရပ်နားချိန်များတွင် လူစုံ၊ မစုံ၊ ထူးခြားမှု ရှိ၊ မရှိ၊ သူငယ်ချင်းများ၏ ကျန်းမာရေးအခြေအနေ စသည်တို့ကို စစ်ဆေးကြည့်ရှု ဆော်သြပေးရန်ဖြစ်ပါသည်။ ဒီမှာပဲဇာတ်လမ်းကစပြီ။ သူငယ်ချင်းအောင်ကျော်ဦး၏ ဗိုလ်လောင်းတုန်းက Nick Name မှာ လိတ်တာ (Later)ဖြစ်သည်။ နံနက် PT ချိန် တန်းစီ၊ တပ်ခွဲတန်းစီ၊ Academic သွားရန် တန်းပေါင်းစီအချိန်များ၌ အမြဲတမ်းနောက်ကျနေတတ်၍ လိတ်တာဆိုသည့် Nick Name ကို အလိုလိုရသွားတော့သည်။ အခုလည်း အောင်ကျော်ဦးတို့ ဇနီးမောင်နှံက ကျွန်တော်တို့ ယာဉ် ၂၅(စီ) တွင်လိုက်ပါရပေရာ ကားထွက်ခါနီးတိုင်း နောက်ကျနေတတ်ပြန်ပါသည်။ ထို့ကြောင့် လိတ်တာရောက်ရင် လူစုံပြီဟေ့ဆိုသည့်စကားကို ကားထွက်ခါနီးတိုင်း ပြောကြားကာ တဝါးဝါး ပွဲကျခဲ့ရသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်တော်တို့ ကျောင်းဆင်းသည့်နှစ် ၁၉၈၁ ခုနှစ်၌ မိခင်တပ်ရင်း ခမရ(၁၄) ကျောက်ဆည်သို့ အတူရောက်ခဲ့သော မြင့်စိုး၊ ကောင်းစံဦး၊ တင်ဦးဆိုသည့် သူငယ်ချင်းသုံးယောက်သည်လည်းပဲယခု ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်မှာ ယာဉ်အမှတ် ၂၅(စီ)၌ တစ်စီးတည်း လာကျနေပြန်ပါသည်။ ဆိုတော့ကာလွန်ခဲ့သည့် ၃၈ နှစ်လောက်က ကျွန်တော်နှင့် တင်ဦးတို့၏ ငယ်ကျိုးငယ်နာများကိုဖော်၍ ကောင်းစံဦးက ဟာသလုပ် ပြောကြားလာပေရာ တစ်ကားလုံး ပွဲကျနေ ေတော့သည်။ ကျောင်းတုန်းက ဆရာဦးကျော်မြင့် (ကွယ်လွန်) အပါအဝင် ဆရာများကပေးသော နာမည်ပြောင်၊ ကိုယ့်အချင်းချင်းက ဝိုင်းဝန်းထောမနာ ပြုထားသော နာမည်ပြောင် Nick Name များကလည်း တော်တော်များများက အကောင်ဗလောင် နာမည်တွေပဲ ဖြစ်လို့နေပေသည်။ မြွေ ၊ ဖား၊ ကျီးကန်း၊ ကြွက်၊ ရေမြင်း၊ ဂေါ် ပြား၊ ကြောင်မ၊ နွားကြီး၊ ကြက်ပျံ စသည်တို့ဖြစ်နေပေရာ ယခုခရီးစဉ်တစ်လျှောက်လုံး နာမည်ရင်းကို မခေါ်ဘဲ ကြက်ပျံ၊ ရေမြင်း၊ ကျီးကန်းဆိုတာတွေကိုပဲ ခေါ်နေကြ၍ အတူလိုက်ပါလာသူ မိသားစုများကလည်း ပြုံးစိစိဖြစ်ကုန်ကြပါတော့သည်။ စိတ်မကွက်ကြချေ။

ငယ်ဘဝကိုပင် ပြန်လည်လွမ်းဆွတ်

ကောင်းစံဦး၏ ဟာသများထဲတွင် ဗိုလ်လောင်းဘဝ ခွင့်ပြန်ကြစဉ်တုန်းက ဝန်းသိုမြို့သား ဗိုလ်လောင်းကြည်စိန်တစ်ယောက် သူ့မြို့သို့ ရထားဖြင့်ပြန်စဉ် ဝန်းသိုဘူတာ၌မဆင်းဘဲ ကျော်သွားခဲ့မိသည့်အကြောင်းလည်း ပါသည်။ ဝန်းသိုစော်ဘွားကြီး၏မြေး ဝန်းသိုကျော်သွားကြည်စိန်ဆိုသည့် နာမည်တစ်လုံးကို ပိုင်ဆိုင်သွားတော့သည်။ ကားစီးရသည့်ခရီးစဉ် အချိန်ကာလ ရှည်သမို့ ဗဟုသုတဖြစ်ဖွယ်များကိုလည်း မှတ်ရင်း၊ ကျောင်းတုန်းက အဖြစ်အပျက်များ၊ အတူတူ သင်တန်းတက်တုန်းက အဖြစ်အပျက်များကို တစ်ယောက်ကပြောရင် ကျန်လူများက နားထောင်ရင်းဖြင့် လိုက်ပါလာခဲ့ကြကာ ငယ်ဘဝကိုပင် ပြန်လည်လွမ်းဆွတ် သတိရနေမိတော့သည်

ဂင်္ဂါနှင့် ဥတ္တရပရာဒေ့ရှ်

ဘုရားဖူးအဖွဲ့ဝင်တွေ သွားရင်းလာရင်း သံဝေဇနိယ လေးဌာနနှင့်ပတ်သက်၍ အလွယ်တကူ အမှတ်ရစေရန် စုပေါင်းရွတ်ဆိုရတာတစ်ခု ရှိပါသည်။ ယင်းမှာ အလောင်းတော်မြတ် မင်းသိဒ္ဓတ္ထ ဖွားလတ်လုမ္ဗိနီ၊ ဗုဒ္ဓရှင်မြတ် ဗောဓိဓာတ် ပွင့်လတ်ဂယာပြည်၊ ဓမ္မစက္ကလှည့်ဌာန မိဂဒါရမည်၊ နိဗ္ဗာန်ရွှေဘုံ ဝင်ခိုလှုံ ကုသိနာရုံပြည် ဟူ၍ပင်။ လုမ္ဗိနီဂယာ မိဂဒါ ကုသိနာဟုတည်၊ ဖွားရာပွင့်ရာစက်လှည့်ရာ စံရာဤလေးမည်၊ သံဝေဇနိယ လေးဌာန ဖူးကြအလီလီ၊ အပါယ်လေးဝမလားရ သွားရလူနတ်ပြည်ကိုလည်း ရွတ်ခဲ့ရသည်

ဂယာမြို့မှ ထွက်ခွာလာကြပြီး မိုင် ၁၀ဝ ခန့်အကွာရှိ စားသောက်ဆိုင်လေးတစ်ခု၌ ခရီးတစ်ထောက်နားရင်း နေ့လယ်စာ စားကြသည်။ Tours အဖွဲ့ စီစဉ်ကျွေးမွေးသော ထမင်းဟင်းများအပြင် ဆိုင်ကလက်ဖက်ရည်နှင့် ပူတီကိုပါ အားပေးခဲ့ရသည်။ စားလို့ပဲကောင်းနေသေးတော့။ ထိုဆိုင်လေးမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဆက်လက်ထွက်ခွာခဲ့ကြရာ မွန်းလွဲ ၁၂ နာရီ ၃၅မိနစ်တွင် ဗီဟာပြည်နယ်နှင့် UP (ခေါ်) ဥတ္တရပရာဒေ့ရှ်ပြည်နယ်တို့၏ နယ်စပ်ကို ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် မွန်းလွဲ ၂ နာရီခွဲသာသာခန့်မှာ ဂင်္ဂါမြစ်ကို ဖြတ်ခဲ့ကြပြီဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဂင်္ဂါမြစ်ကိုအကြောင်းပြု၍ တရားဒေသနာပေါင်းများစွာကို ဟောကြားတော်မူခဲ့သလို နုစဉ်ဘဝလည်း ဂင်္ဂါမြစ်ကမ်းနံဘေး၌ ဘဝပေါင်းများစွာ ကျင်လည်ခဲ့ရဖူးသည်။ ဟိန္ဒူဘာသာဝင်တို့အနေဖြင့် ဗာရာဏသီမြို့ကို အထွတ်အမြတ်ထားကြသလို ဂင်္ဂါမြစ်ကိုလည်း အလွန်တန်ဖိုးထား မြတ်နိုးကြကြောင်း သိရသည်။ ဂင်္ဂါမြစ်သည်ဟိမဝန္တာ တောင်စဉ်တောင်တန်း ၂၂ ခုအနက် အင်္ဂုတ္တရီတောင်မှ စတင်စီးဆင်းလာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း မြို့ကြီး ၄၈ မြို့ကို ဖြတ်သန်းကာ အိန္ဒိယသမဒ္ဒရာထဲသို့ စီးဝင်သွားကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၂၉ ပြည်အနက် ၁၁ ပြည်နယ်ရှိလူများက သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲခွင့်ရခဲ့ကြောင်း သိရပါသည်။ ကျွန်တော်တို့ဘုရားဖူးအဖွဲ့သည် ညနေ ၅နာရီ ၃၅ မိနစ်တွင် ဗာရာဏသီသို့ ခရီးဆိုက်ရောက်ခဲ့ကြသည်။

ကြေးမုံ