နေပြည်တော် ဇွန် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများ ရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များကို မျှဝေဖလှယ်နိုင်ရန် ကဏ္ဍ အလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တွင် စကားဝိုင်း ဆွေးနွေး ပွဲများ ကျင်းပခဲ့ရာ ယနေ့ကျင်းပသည့် “ရော်ဘာတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒသမအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲကို ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး ၊ ပြည်နယ် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့်ပါဝင်တက်ရောက် ခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူ က ရော်ဘာ ကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အခန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ၊ ရော်ဘာဘုတ် တည်ထောင်နိုင်မှု၊ ရော်ဘာဥပဒေ ရေးဆွဲမှုနှင့် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်တင် ဌေးက ရော်ဘာပြုပြင် ထုတ်လုပ်ခြင်းကဏ္ဍတွင် အားနည်းချက်များနှင့် လိုအပ်ချက်များ၊ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများ ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးသူရကျော် က ခေတ်အဆက်ဆက် ပြည်တွင်းရော်ဘာထုတ်လုပ်မှု တင်ပို့ရောင်းချမှုနှင့် အရည်အသွေးပိုင်းကို အဓိကထား လုပ်ဆောင်မှု၊ ဦးစီးအရာရှိ ဒေါ်သန္တာမိုး ကယနေ့ခေတ်တွင် မော်တော်ယာဉ် ထုတ်လုပ် သုံးစွဲမှု များပြားလာသည်နှင့်အမျှ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အခြေအနေ၊ ကမ္ဘာ့ရော်ဘာ ဈေးကွက် အလားအလာနှင့် မြန်မာ့ရော်ဘာ ဈေးကွက်အခြေအနေ၊ ဈေးကွက်စီးဆင်းရာ တစ်လျောက်တွင် အားနည်းချက်များနှင့် လိုအပ်ချက်ဆိုင်ရာများကို ဆွေးနွေးကြပြီး အခမ်း အနား တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)