ဗုဒ္ဓသာသနာ နေလပမာထွန်းလင်း

ဇွန် ၂၄၊ ၂၀၂၂

“ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာ ဤ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်၏။ အဆိုပါ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင်လည်းရှိနေသည်မည်၍ သာသနာတော်လည်း ထွန်းကားနေမည်ဖြစ်၏။

သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များကွယ်ပျောက်ပါက မြတ်စွာဘုရားလည်းပျောက်ကွယ်ပြီး သာသနာလည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။ သာသနာကွယ်ပျောက်ခြင်းသည် လောကကြီးတစ်ခုလုံး အမှောင်အတိဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် သာသနာတော်ကို မကွယ်ပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ သာသနာတော်မကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ရာ၌ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရနိုင်လိမ့်မည်မဟုတ်ပေ။ ရုပ်ဝတ္ထုပစ္စည်းတို့သည် တစ်နေ့တွင် ပျက်စီးခြင်းဖြစ်နိုင်ပေသည်။

သာသနာတော် အရှည်တည်တံ့ခိုင်မြဲရန်အတွက် မြတ်စွာဘုရားရှင်၏ တပည့်သာဝကများက သုတ်၊ ဝိနည်း၊ အဘိဓမ္မာများ ပြန့်ပွားနေစေရန် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ မြတ်စွာဘုရားရှင်က “ချစ်သား အာနန္ဒာ ... ငါဘုရားဟောကြားထားသော ဓမ္မဝိနယခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ဆရာဖြစ်သည်”ဟု မှာကြားတော်မူခဲ့သည်။ ယခုအခါ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီဖြစ်သည်။ သာသနာတော် နှစ်ပေါင်း ၂၅၀၀ ကျော်မှ နှစ်ပေါင်း ၅၀၀၀ တိုင် ဆက်လက်ထွန်းကားပြန့်ပွားရေးအတွက် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ရှေးမြန်မာ ဘုရင်လက်ထက်မှစ၍ ခေတ်အဆက်ဆက်အစိုးရများက ထောက်ပံ့ချီးမြှင့်ပေးခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် အမြင့်ဆုံးတိပိဋကမှ အခြေခံအငယ်တန်းအဆင့်အထိ သာသနာတော်ဆိုင်ရာစာမေးပွဲများကို နှစ်စဉ်ကျင်းပပေး လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပပေးခဲ့သည်မှာ (၇၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ ၇၄ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅ ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင်သာသနာ့ အာဇာနည်အရှင်သူမြတ် ခြောက်ပါးပေါ်ထွန်းခဲ့ပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းဆောင်လျက်ရှိသည်။

ထို့အပြင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ၁၃၈၄ ခုနှစ် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်လူပုဂ္ဂိုလ် ၁၇၁၆၅ ပါး/ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ မြန်မာဂုဏ်ထူးအောင် နှစ်ပါး၊ ပါဠိဂုဏ်ထူးအောင် တစ်ပါး၊ သုံးကျမ်း အောင် ၂၆၁ ပါး၊ နှစ်ကျမ်းအောင် ၄၂၄ ပါးနှင့် တစ်ကျမ်းအောင် ၆၁၀ စုစုပေါင်း ၁၂၉၈ ပါး/ဦး အောင်မြင်ခဲ့ကြသည်။ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းဖြေဆိုသူ ၅၃၈၈ ပါး/ဦးအနက် ၁၃၇၁ ပါး/ဦး အောင်မြင်ခဲ့သည်။ ပထမလတ်တန်းတွင် ဖြေဆိုသူ ၆၀၇၆ ဦးအနက် ၂၇၂၆ ပါး/ဦး အောင်မြင်ခဲ့သည်။ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၀၈၈၀ ပါး/ဦး အနက် ၂၀၅၁ ပါး/ဦး အောင်မြင်ခဲ့သည်။ ယနေ့ကာလတွင် သာသနာ ထွန်းကားပြန့်ပွားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သည့် ရဟန်းရှင်လူ ပုဂ္ဂိုလ်များကိုတွေ့ရှိခဲ့ရာ ဝမ်းမြောက်ပီတိသာဓု ခေါ်ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာတော်အတွက် ကြိုးပမ်းအားထုတ်မှု အကောင်းဆုံးနိုင်ငံဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော်၊ လူပုဂ္ဂိုလ်အဆက်ဆက်တို့သည် ဓမ္မဝိနယခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်းမကွယ်ပျောက်စေရန် ကြိုးပမ်းအားထုတ်နေကြသည်က တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်တွင် ဆန့်ကျင်ဘက်အဖျက် အန္တရာယ်များပေါ်ပေါက်လာတတ်သည်။ မျက်မှောက်ကာလတွင်လည်း မိစ္ဆာဒိဋ္ဌိ အန္တရာယ်များရှိနေသည်ကို တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော်၊ လူပုဂ္ဂိုလ်များသည် ကြောင့်ကြမဲ့မနေကြဘဲ သာသနာ့အန္တရာယ်များကွယ်ပျောက်ပြီး သာသနာတော် နေလပမာထွန်းလင်းတောက်ပစေရန် သာသနာတော် သန့်ရှင် တည်တံ့ထွန်းကားပြန့်ပွားရေးကို မမှိတ်မသုန် ကြိုးပမ်းအားထုတ်နေကြပါကြောင်း။ ။

ကြေးမုံ