ကဘူးလ် ၁၉ မေ
အာဖဂန်ထောက်လှမ်းရေးအေဂျင်စီကို ပစ်မှတ်ထားကာ မေ ၁၈ ရက်က တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု တာလီဘန် တို့က ဝန်ခံပြောကြားခဲ့သည်။
တစ်ပြိုင်တည်းမှာပင် အာဏာခွဲဝေထားသည့်အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းစဖြစ်သည့် အကျဉ်းသား လဲလှယ်ရေးအစီအစဉ်ကို အရှိန်မြှင့်တင်နိုင်ရေး တာလီဘန်တို့က တိုက်တွန်းခဲ့သည်။
အရှေ့ပိုင်း ဂါဇာနီပြည်နယ်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ထောက်လှမ်းရေးအရာရှိ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာဂျူမာဇာဒါက အေအက်ဖ်ပီသို့ ပြောသည်။ အကြမ်းဖက်သမားများသည် စစ်ဘက်သုံးထရပ်ကားကို အသုံးပြုကာ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဂါဇာနီလုံခြုံရေးတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးကိုပစ်မှတ်ထားကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ကဘူးလ်မြို့မှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဂါဇာနီပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့က ကားဗုံးကွဲမှုကိုအတည် ပြုပေးခဲ့သည်။ တာလီဘန်တို့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် ကားဗုံးခွဲမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
အာဖဂန်အစိုးရသည် စစ်မှန်ပြီးရိုးသားမှုရှိသည့် အဖြေရှာညှိနှိုင်းမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး အကျဉ်းသား လဲလှယ်ရေးအစီအစဉ်သည် အာဖဂန်ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲမစတင်မီ အပြီးလုပ်ဆောင်သင့်သည်ဟု တာလီဘန်ဘက်မှ ပြောရေးဆိုခွင့်ရှိသူဆူဟေးလ်ရှာဟီရန်က ပြောသည်။
လွန်ခဲ့သောသီတင်းပတ်ကလည်း ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့သည့်အတွက် အကြမ်းဖက်သမား များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် လုံခြုံရေးတပ်ဖွဲ့အား သမ္မတ အက်ရှရက်ဖ်ဂါနီက အမိန့်ပေးခဲ့သည်။ တာလီဘန် တို့ကမူ ယင်းတိုက်ခိုက်မှုနှစ်ခုမှာ ၎င်းတို့၏တိုက်ခိုက်မှု မဟုတ်ဟု ငြင်းဆိုထားသည်။
အေအက်ဖ်ပီ