ရန်ကုန် ၁၉ သြဂုတ်
ဒေါက်တာနီလာသိန်း(လင်းရောင်သစ်) ရေးသားပြုစုသော အလင်းစကားဖွဲ့သီ မျက်ဝန်းဆီမှ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ် ၁၈ ရက် မွန်းလွဲ ၄ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Center ၌ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ မနုဿကျော်ဝင်းနှင့် စာရေးဆရာမ ဂျူး တို့က မုဒိတာစကားများ ပြောကြားပြီး စာရေးသူ ဒေါက်တာနီလာသိန်းက စာအုပ်မိတ်ဆက်နှင့် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဂီတမှူး တယောဦးတင်ငွေအဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင်များ၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ အဆိုတော်များ ၊အနုပညာချစ်မြတ်နိုးသူများမှ တေးသံသာများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ''အလင်းစကားဖွဲ့သီ...''စာအုပ်တွင်မျက်စိရောဂါ ပညာပေးဆောင်းပါးများကို သုတနှင့်ရသအပြင် ဓမ္မပါနွယ်၍ ရေးသားတင်ပြထားသော ဆောင်းပါးပေါင်း၂၂ ပုဒ် ပါဝင်သည်။
ဆရာစောမင်းဝေ၏ ပန်းချီလက်ရာများနှင့်အတူ မျက်လုံးအကြည့်တွေရဲ့အကြောင်း၊ သစ္စာဖြင့် ဆေးကုသည်၊ အနုပညာစိတ်ထား...သမားတို့နှလုံးသား၊ အနာမရှိတဲ့လက် အဆိပ်မတက်သလို၊ ဟန်းဖုန်းလေးတွေ ကိုင်တဲ့အခါ၊ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ တယ်၊ ပွင့်သောပန်းတိုင်းလန်းပါစေ၊ ငို၍ရယ်၍ မထွက်သောမျက်ရည်၊ မျက်စဉ်း တစ်စက်ရယ် ကြောင့်၊ ခရမ်းလွန်ရောင်ခြည်အောက်မှ စိန်ခေါ်မှုများ၊ ဝေးဝေးနေပါ အိုဇရာ၊ နုပျိုသည်မှ အိုမင်းရင့်ရော်တဲ့အထိ၊ အလင်းကမ္ဘာသစ်က ကြိုနေမယ် စသည့်ဆောင်းပါးများကို ကာတွန်းပုံလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ပြထားသည်။
အဆိုပါစာအုပ်ကို ဆုပြည့်စုံထွန်းစာပေမှ ထုတ်ဝေပြီး လင်းရောင်သစ်စာပေ ဖုန်း ဝ၉၄၂၅၁၅၀ဝ၅၀ နှင့်ဆုပြည့်စုံထွန်းစာပေ ဖုန်း ဝ၁ ၃၈၃၆၆၄ တို့မှ ဖြန့်ချိမည်ဖြစ်ကြောင်းနှင့် City mart ဆိုင်ကြီးများတွင်ဝယ်ယူရရှိနိုင်ပြီးတန်ဖိုးမှာ ငွေကျပ် ၃၅၀ဝ ဖြစ်သည်။
(သတင်းစဉ်)


