ရန်ကုန် ၁၅ ဇန်နဝါရီ 

အင်္ဂလိပ်ဘာသာ စာအုပ်တစ်သန်းကျော် ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ရောင်းပွဲတော် (The Big Bad Wolf) ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Fortune Plaza  Myanmar Expo Hall ၌ ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိရာ စာပေဝါသနာရှင်များနှင့် စာပေချစ်သူများ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်ရောင်းပွဲ စီစဉ်သူ ဦးမျိုးအောင်က “ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ထက် အမျိုးအစား တစ်သောင်းကျော် အသစ်တွေပါဝင်ပါတယ်။ ဒီပွဲတော်မှာ အင်္ဂလိပ်စာအုပ်တွေတင်မကပါဘူး မြန်မာစာအုပ်တွေလည်းပါတယ်။ စာအုပ်တိုက်ကြီး ၁၃ တိုက်ကို စတင်မိတ်ဆက်ပေးထားပါတယ်။ နောက်နှစ်မှာ ဒီထက်ပိုပြီး မြန်မာစာအုပ်တိုက်တွေကို လက်တွဲခေါ်ဖို့ရှိပါတယ်။ အင်္ဂလိပ်စာအုပ်တွေလိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ စာအုပ်ထုတ်ဝေရေး လောကလည်း ပိုပြီးတိုးတက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆောင်ရွက်တာပဲဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်တွေလည်း စိတ်ဝင်တစားနဲ့ လာရောက်လေ့လာ ဝယ်ယူကြပါတယ်”ဟု ပြောသည်။ 

အဆိုပါ စာအုပ်ရောင်းပွဲတော်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသည့် ကမ္ဘာ့အရောင်းရဆုံး စာအုပ်များနှင့်အတူ သုတ၊ ရသ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ကလေးများအတွက် ပုံပြင်၊ ဉာဏ်စမ်း စသည့် စာအုပ်များ အပါအဝင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသည့် စာအုပ်ပေါင်းတစ်သန်းကျော်ကို အထူးလျှော့ဈေးဖြင့် ရောင်းချလျက်ရှိသည်။
သာကေတမြို့နယ်မှ ဒေါ်ခင်သိန်းက “ပထမအကြိမ်ကျင်းပတုန်းက မသွားလိုက်ရလို့ ဒီတစ်ကြိမ် လွတ်မသွားရအောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လာခဲ့တာပါ။ မျက်စိက သိပ်မကောင်းတော့လို့ များများမဖတ်နိုင်တော့ပေမယ့် စာအုပ်တွေက အလွန်သဘောကျဖို့ ကောင်းတယ်။ ဘာသာရပ်အလိုက် ကဏ္ဍစုံအကုန်တွေ့ရတယ်။ လူငယ်တွေလာသင့်တယ်။ ဒီလောက်စုံတဲ့ စာအုပ်တွေကို ဘယ်နေရာမှ မတွေ့နိုင်ပါဘူး”ဟု ပြောသည်။ 

ကမာရွတ်မြို့နယ်မှ ဒေါ်လွင်လွင်မှန်က “မြေးလေးအတွက် စာအုပ်လေးတွေ လာကြည့်တာပါ။ အဓိကကတော့ ကလေးတွေ လိမ္မာရေးခြားရှိဖို့နဲ့ အသိပညာ၊ ဗဟုသုတတွေရနိုင်မယ့် စာအုပ်လေးတွေဝယ်ခဲ့တယ်။ လူငယ်တွေကို စာအုပ်များများဖတ်ဖို့ အမြဲတိုက်တွန်းပါတယ်။ အရွယ်အပိုင်းအခြား အမျိုးမျိုးအတွက် စာအုပ်မျိုးစုံကို အခုလို တွေ့ရတဲ့အတွက် အားရကျေနပ်တယ်” ဟုပြောသည်။ 

ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိနေသည့် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များကို တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူအားလုံး စာဖတ်မှုအလေ့အကျင့်ကောင်းများ ပိုမိုထွန်းကားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ စာအုပ်ရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စာအုပ်ရောင်းပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ရှိ Myanmar Event Park ၌ ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ လည်းကောင်း၊ ယခုအခါ တတိယအကြိမ်အဖြစ် ရန်ကုန်မြို့ရှိ Fortune Plaza  Myanmar Expo Hall ၌လည်းကောင်း ကျင်းပနေခြင်းဖြစ်သည်။  

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး