စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရေးသား စပ်ဆိုခြင်း ပြိုင်ပွဲကျင်းပ

မြင်းမူ ၁၆ ဇန်နဝါရီ

 

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများအဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီး   စစ်ကိုင်းခရိုင်  မြင်းမူမြို့ အခြေခံပညာ အထက်တန်းကျောင်း    အမှတ်(၁)တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

ယခုပြုလုပ်သော စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်    ကဗျာရေးသား စပ်ဆိုခြင်း ပြိုင်ပွဲများကို မြင်းမူမြို့နယ် စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများအသင်း၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်   ကျင်းပပေးခြင်းဖြစ်ပြီး ဆုရရှိသူများအား၊  စာပေဟောပြောပွဲ ကျင်းပမည့်   နေ့ရက်တွင် ထိုက်တန်စွာ ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစံရွှေက ပြောကြားခဲ့ကြောင်း သိရသည်။

 

ယခုပြိုင်ပွဲသို့  မြင်းမူမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်း (၁၂)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦးတို့က “စာပေမြင့်မှ လူမျိုးတင့်မည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦးတို့က “စာပေဝါသနာ လေ့ကျင့်ပါ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်  ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့က “ကျွန်တော်၊ ကျွန်မတို့၏ဝါသနာ”  ခေါင်းစဉ်တို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် ကဗျာပြိုင်ပွဲဝင် (၁၂) ဦးတို့ကလည်း  ကဗျာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)